အာဏာသိမ်းမှုအလွန် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇၀၀ ခန့် သေဆုံးဟု ထုတ်ပြန်

အာဏာသိမ်းမှုအလွန် ၂ နှစ်နှင့် ၇ လကျော်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၉၀၂ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး ဘာသာရေးအဆောက်အဦး ၈၆ ခု ပျက်စီးခဲ့ကာ စာသင်ကျောင်း ၅၄ ခုနှင့် ဆေးရုံ ၂၆ ခု တိုက်ခိုက်ခံခဲ့ရသည်ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

By Admin 25 Oct 2023

စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်နှစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ
စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်နှစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ

DMG ၊ အောက်တိုဘာ ၂၅

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၆၈၇ ဦး၊ ဒဏ်ရာရရှိသူ ၄၅၈ ဦးအထိ ရှိလာသည်ဟု အောက်တိုဘာ ၂၃ ရက်တွင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များကို စောင့်ကြည့်လေ့လာနေသည့် ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်သည့် အစီရင်ခံစာမှ သိရသည်။

အာဏာသိမ်းမှုအလွန် ၂ နှစ်နှင့် ၇ လကျော်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၉၀၂ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး ဘာသာရေးအဆောက်အဦး ၈၆ ခု ပျက်စီးခဲ့ကာ စာသင်ကျောင်း ၅၄ ခုနှင့် ဆေးရုံ ၂၆ ခု တိုက်ခိုက်ခံခဲ့ရသည်ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခု ၂၀၂၃ ခုနှစ်၊ မေလမှ ဩဂုတ်လထိ ၄ လအတွင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၇၂ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး တစ်ရက်လျှင် ၂ ကြိမ်နှုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ယင်းသို့ တိုက်ခိုက်ခံရမှု အများဆုံးဒေသမှာ ကရင်နီ (ကယား)ပြည်နယ်က ၇၁ ကြိမ်ဖြင့် အများဆုံးတိုက်ခိုက်ခံခဲ့ရပြီး စစ်ကိုင်းတိုင်းက ၆၉ ကြိမ်ဖြင့် ဒုတိယအများဆုံး တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

“၂၀၂၃ ခုနှစ်၊ မေလကနေ ဩဂုတ်လအထိ ရက်ပေါင်း ၁၂၃ ရက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၀၄ ရက်ခန့် ရှိခဲ့ပြီး နေ့စဉ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုကို တွေ့ခဲ့ရတယ်” ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီတွင် ကြည်းတပ်အင်အားနည်းပါးလာ၍ လေကြောင်းကိုသာ အဓိက အားထားပြီး တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်လာခြင်းဖြစ်သည်ဟု သုံးသပ်များရှိသည်။

“စစ်ကောင်စီက ဖြတ်လေဖြတ် လုပ်ဖို့ သူတို့မှာ အင်အားနည်းလာတဲ့အခါ ဝေဟင်ကနေ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကို ဦးစားပေး လုပ်လာတာ တွေ့ရတယ်။ ဒီလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက် တဲ့ ဘယ်တိုက်ခိုက်မှုမဆို ဒီဟာက လူသားမျိုးနွယ် အပေါ်မှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်” ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး -၂ ဦးဗညားက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထင်ရှားသည့် အသေအပျောက်အများဆုံး တိုက်ခိုက်မှုမှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပင်ဇီကြီးကျေးရွာအတွင်း ကလေး ၃၈ ဦးအပါဝင် အရပ်သား ၁၆၅ အထိ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျုးလွန်ခြင်းများကို နိုင်ငံတကာမှ အရေးယူရန် ခက်ခဲနေသည့် အနေအထားတွင် ရှိသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် NUGနဲ့ EAOs တွေက နိုင်ငံတကာကို အရေးယူခိုင်းပေမယ့်လည်း ထူးမလာသေးဘူး။ ကုလသမဂ္ဂကလည်း လုပ်ပိုင်ခွင့်မရှိဘဲ လုံခြုံရေးကောင်စီက တရုတ်တို့ ရုရှားတို့လို နိုင်ငံတွေက စစ်ကောင်စီကို ကာကွယ်ပေးထားတာကြောင့် အရေးယူနိုင်ဖို့က ခက်ခဲနေအုံးမှာ ဖြစ်တယ်” ဟု သူကပြောသည်။

စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသော်လည်း တော်လှန်ရေးကို ထိခိုက်နိုင်စေမည် မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်သည့်အချိန်တွင် စစ်ကောင်စီကို အရေးယူနိုင်ရန်အတွက် ယခင်မှတ်တမ်းများက အထောက်အကူ ဖြစ်နိုင်သည်ဟု ဦးသန်းစိုးနိုင်က ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများထဲတွင် လေကြောင်းစစ်ဆင်ရေးပြုလုပ်ခြင်း၊ မြေပြင်ထိုးစစ်ဆင်ရာတွင် လေကြောင်းဖြင့် ကူညီပစ်ခတ်ပေးခြင်း၊ စစ်စခန်များ ထိုးစစ်ဆင်ခံရချိန်နှင့် စစ်ကြောင်းများ တိုက်ခိုက်ခံရချိန်တွင် ကူညီပစ်ခတ်ပေးခြင်း၊ ကင်းထောက်ခြင်း၊ တပ်သားဖြည်းခြင်း၊ တပ်သားများရွေ့ပြောင်းပေးခြင်း၊ စစ်ရေးအရင်းအမြစ် ရိက္ခာများပို့ဆောင်ခြင်း စသည်တို့ကို လုပ်ဆောင်ရာတွင် တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ဒရုန်းများနှင့် အခြားသော လေ့ကျင်ရေးလေယာဉ်များကို သုံးစွဲကြသည်ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာပြီး အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှုနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုအရေအတွက်မှာလည်း သိသိသာသာ တိုးမြင့်လာသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့ပြောဆိုချက်များနှင့်ပတ်သက်၍ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ဗီဒီယိုများ