ကျောက်ဖြူတွင် ရဲတပ်ရင်းအနီး မိုင်းနင်းမိ၍ အရပ်သားတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ နယ်မြေခံ (၃၂) ရဲတပ်ရင်းအနီး (ဒေသအခေါ် ဒိုးတန်းတောင်)တွင် အုန်းတောကျေးရွာသားနှစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ တစ်ဦးသေဆုံးပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

By Admin 23 Mar 2024

မတ်လ ၁၁ ရက်က ကျောက်ဖြူမြို့မြို့နယ် မင်းတက်တောင်ကျေးရွာမှ မိုင်းထိလူနာအား ဆေးရုံသို့ ပို့ဆောင်စဉ်။ (ဓာတ်ပုံ - APM)
မတ်လ ၁၁ ရက်က ကျောက်ဖြူမြို့မြို့နယ် မင်းတက်တောင်ကျေးရွာမှ မိုင်းထိလူနာအား ဆေးရုံသို့ ပို့ဆောင်စဉ်။ (ဓာတ်ပုံ - APM)

အုန်းတောကျေးရွာမှ အသက် (၃၇)နှစ်အရွယ် ဦးဝင်းနိုင်စိုးမှာ မတ်လ ၂၂ ရက် နေ့လယ်ပိုင်းက ရဲတပ်ရင်းအနီးရှိ ဒိုးတန်းတောင်ပေါ်သို့ ဟင်းခူးရန်သွားစဉ် မြေမြှုပ်မိုင်းနင်းမိ၍ ညာဘက်ခြေဒူးကောက်ဝတ် ပြတ်ထွက်သွားခဲ့သည်။ 

အဆိုပါနေရာသို့ အသက်(၅၀)အရွယ် ဦးဇော်ဇော်ဆိုသူက ကူညီရန်သွားရောက်စဉ် နောက်ထပ်မိုင်းတစ်လုံး နင်းမိသွား၍ ဒဏ်ရာပြင်းထန်စွာရရှိသွားကာ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ 

“ဦးဝင်းနိုင်စိုးက အဲဒီတောင်မှာ ပိန္နဲသီးသွားခူးတာ။ သူ့ကို မိုင်းထိတယ်ကြားတော့ ဦးဇော်ဇော်က သွားပြီးတော့ ကယ်တယ်။ သူ့ကိုကယ်ရင်း နောက်တစ်လုံးထပ်ပေါက်တော့ ဦးဇော်ဇော်ကို ထိသွားတယ်။ အဲဒီအနားကို  ရွာကလူတွေ ရောက်လာပေမယ့် နောက်ထပ်ပေါက်ကွဲဦးမလားဆိုပြီး ဘယ်သူမှမသွားရဲကြတော့ ဦးဇော်ဇော်က သွေးလွန်ပြီး ဆုံးသွားတယ်လို့ ပြောနိုင်ပါတယ်” ဟု အုန်းတောကျေးရွာသားတစ်ဦးက ပြောသည်။ 

မိုင်းထိမှန်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသော ဦးဝင်းနိုင်စိုးမှာ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေပြီး သေဆုံးသွားသည့် ဦးဇော်ဇော်ကို ယမန်နေ့က မြေမြှုပ်သဂြိုဟ်လိုက်ကြောင်း သိရသည်။ 

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာတွင် အုန်းတော၊ ဂုံးချွိန်၊ ပြိုင်းစေ့ကေ စသည့် ကျေးရွာများမှ ဒေသခံများ လုပ်ကိုင်စားသောက်နေသော ဥယျာဉ်ခြံမြေနှင့် သီးပင်စားပင် စိုက်ခင်းများရှိသည်။ 

ယခုပေါက်ကွဲသွားသည့်မိုင်းမှာ မည်သည့်အဖွဲ့က ထောင်ထားကြောင်း မသိရှိရသော်လည်း လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ဒေသခံများလုပ်ကိုင်စားသောက်သည့် နေရာအနီးအနား၌ မိုင်းထောင်သောလုပ်ရပ်ကို ရှောင်းရှားကြရန် ကျောက်ဖြူဒေသခံများက တောင်းဆိုကြသည်။

“ကျမတို့က အခု ဘယ်ကိုမှ မသွားရဲ မလာရဲ ဖြစ်နေကြပြီ။ လုပ်ကိုင်စားသောက်ဖို့ ဘယ်လိုမှ အဆင်မပြေတော့ဘူး” ဟု အုန်းတောကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများတွင် မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ မကြာခဏရှိနေသဖြင့် ဒေသခံများအနေဖြင့် သွားလာလှုပ်ရှားမှုများကို အထူးဂရုပြု ဆင်ခြင်ကြရန် လိုအပ်သည်။ 

DMG စာရင်းအရ ကျောက်ဖြူမြို့နယ်တွင် ဇန်နဝါရီလမှ ယခုလအထိ မိုင်းပေါက်ကွဲမှု ၇ ကြိမ်ထက်မနည်းရှိပြီး သေဆုံးသူ(၂)ဦးနှင့် ဒဏ်ရာရရှိသူ (၆)ဦးရှိသည်။ မိုင်းပေါက်ကွဲသောနေရာများမှာ စစ်ကောင်စီတပ်စခန်း အနီးပတ်ဝန်းကျင်နှင့် စစ်ကြောင်းထိုးနေထိုင်ခဲ့သည့် နေရာများတွင်ဖြစ်သည်။

ရခိုင်တွင် တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ် ၂၃ ရက်ထိ ၄ လကျော်အတွင်း မြို့ပေါ်/ မြို့အနီးအနားနှင့် ကျေးလက်ဒေသတို့တွင် မိုင်းနင်းမိ၍ သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရသူ ၂၁ ဦး ရှိကြောင်း DMG က ပြုစုထားသော စာရင်းအရ သိရသည်။ (မြေပြင်တွင် ယခုစာရင်းထက် ပိုများနိုင်ပါသည်)

ဗီဒီယိုများ