- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
အကြမ်းဖက်ပုဒ်မဖြင့် ရန်ကုန်တွင် တရားစွဲဆိုခံထားရသည့် ရခိုင်လူငယ်များအား ခုံရုံးဖွဲ့စစ်ဆေး
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံနေရသော ရခိုင်လူငယ်များကို ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံး၌ သြဂုတ်လ ၂၃ ရက်နေ့တွင် ရုံးထုတ်ကာ ခုံရုံးဖွဲ့စစ်ဆေးခဲ့ကြောင်း အကျိုးဆောင်ရှေ့နေများထံမှ သိရသည်။
23 Aug 2019
မြတ်ဝင်းကျော် | DMG
သြဂုတ် ၂၃ ၊ ရန်ကုန်
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံနေရသော ရခိုင်လူငယ်များကို ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံး၌ သြဂုတ်လ ၂၃ ရက်နေ့တွင် ရုံးထုတ်ကာ ခုံရုံးဖွဲ့စစ်ဆေးခဲ့ကြောင်း အကျိုးဆောင်ရှေ့နေများထံမှ သိရသည်။
အဆိုပါအမှုအား ခုံရုံးဖွဲ့စစ်ဆေးရန် ပြည်ထောင်စုလွှတ်တော်တရားရုံးချုပ်က သြဂုတ်လ ၁၆ ရက်နေ့တွင် ညွှန်ကြားထားသဖြင့် ခုံရုံးဥက္ကဋ္ဌအဖြစ် အနောက်ပိုင်းခရိုင် တရားသူကြီးကလည်းကောင်း၊ အဖွဲ့ဝင်အဖြစ် ဒုတိယခရိုင်တရားသူကြီး တစ်ဦးကလည်းကောင်း စစ်ဆေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်မျိုးထွန်းက ရှင်းပြသည်။
ယနေ့ရုံးထုတ်ရာ၌ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)ဖြင့် တရားစွဲဆိုခံထားရသည့် တရားခံပြေးနှစ်ဦးဖြစ်သူ ကိုသန်းထွန်းနိုင်၊ ကိုမောင်စိုးမြင့်တို့အမှုကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ မျက်ကွယ် သက်သေနှစ်ဦးကို စတင်၍စစ်ဆေးခဲ့သည်။
“တရားခံပြေးအမှုမှာ ဝရမ်းတင်သွင်းတယ်။ တစ်ယောက်ကိုတော့ အတည်ပြုတယ်။ နောက်တစ်ယောက်က ရခိုင်ပြည်နယ် မြောက်ဦးကတော့ ဝရမ်းအတည် မပြုနိုင်သေးဘူး။ ဒီနေ့မှာ သက်သေရဲအရာရှိတစ်ဦးနဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကို စစ်ဆေးခဲ့တယ်” ဟု ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောသည်။
အကြမ်းဖက်တိုက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂(က) ဖြင့် တရားစွဲဆိုခံထားရသည့် ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မမေကြီး၊ ကိုတင်လှိုင်ဦး၊ ကိုမြတ်လေးဦး၊ ကိုရွှေလှိုင်သန်းတို့ (၈) ဦး၏အမှုကိုမူ စစ်ဆေးခြင်းမရှိသေးပေ။
ထို့ပြင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် သီးခြားအမှုဖွင့်ခံထားရသည့် ကိုအောင်မျိုးဝင်းကို စက်တင်ဘာလ ၆ ရက်နေ့အထိ ချုပ်ရမန်ထပ်ယူထားသည်။
ယနေ့ရုံးထုတ်တွင် တရားစွဲဆိုခံထားရသည့် ရခိုင်လူငယ်များက မိသားစုဝင်များနှင့် မီဒီယာများကို တွေ့ဆုံခွင့်တောင်းခဲ့ရာ ရဲတပ်ဖွဲ့က မိသားစုဝင်များဖြင့်သာ တွေ့ဆုံခွင့်ပေးခဲ့သည်။
အဆိုပါ ရခိုင်လူငယ်များမှာ ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်မှု၊ ငွေကြေးထောက်ပံ့မှုများ ရှိသည်ဆိုသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရခြင်းဖြစ်သည်။