မြေပုံတွင် အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အမှုကို အမြန် အမိန့်ချပေးရန် နစ်နာသူဘက်က‌ တောင်းဆို

မြေပုံမြို့နယ်၊ လွန်းလုံပိုက်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်ရန် ကြံစည်သော အမှုမှာ တစ်နှစ်ကျော်ကြာမြင့်လာနေပြီဖြစ်၍ တရားမျှတစွာ အမြန်ဆုံး အမိန့်ချပေးရန် လိုလားနေကြခြင်းဖြစ်သည်။

By Admin 28 Jul 2025

ဓာတ်ပုံ - သရုပ်ဖော်ပုံ
ဓာတ်ပုံ - သရုပ်ဖော်ပုံ

DMG ၊ ဇူလိုင် ၂၈

ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်မှုအတွက် ကျူးလွန်သူကို စောလျှင်စွာ အမိန့်ချပေးရန် နစ်နာသူအမျိုးသမီးနှင့် မိသားစုဝင်များဘက်မှ တောင်းဆိုနေကြသည်။

မြေပုံမြို့နယ်၊ လွန်းလုံပိုက်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်ရန် ကြံစည်သော အမှုမှာ တစ်နှစ်ကျော်ကြာမြင့်လာနေပြီဖြစ်၍ တရားမျှတစွာ အမြန်ဆုံး အမိန့်ချပေးရန် လိုလားနေကြခြင်းဖြစ်သည်။

" နစ်နာသူ မိန်းကလေးဘက်က ရှက်တာရယ်။ စိတ်ထိခိုက်တာတွေရယ်ကြောင့် အမှုကို အမြန် ပြီးစေချင်နေပြီ။ တစ်ခုခု စီရင်ချက် ချစေချင်နေပြီလို့ ပြောတာပါ " ဟု နစ်နာသူမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လွန်းလုံပိုက်ရွာတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန် ၂၀ ရက်က အသက် ၂၀ ကျော်အရွယ် အမျိုးသမီးမှာ မိမိနေအိမ်ခြံဝင်းရှိ အိမ်သာသို့ သွားစဉ် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးက အနီးရှိ ဘတ်ဟိုးကျင်းထဲသို့ ဆွဲခေါ်ကာ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သည်။

ယင်းအခြေအနေကို ကျေးရွာသားတစ်ဦးက တွေ့ရှိသွား၍ အဓမ္မပြုကျင့်ရန် ကြိုးစားနေသူမှာ ထွက်ပြေးသွားသော်လည်း ၎င်းကို ကျေးရွာသားများက လိုက်လံဖမ်းဆီးကာ သက်ဆိုင်ရာ အာဏာပိုင်ထံ အပ်နှံအမှုဖွင့်ခဲ့သည်။

အဆိုပါအမှုကို နစ်နာသူမိသားစုဝင်များက ပုဒ်မ-၃၂၅ (အပြင်းအထန်နာကျင်စေမှု)၊ ပုဒ်မ- ၄၅၂ (ပြင်ဆင်၍အိမ်ကျော်နင်းမှု)၊ ပုဒ်မ-၃၀၇ (လူသတ်မှုကျူးလွန်ရန် အားထုတ်ခြင်း)တို့ဖြင့် အမှုဖွင့်ခဲ့သည်။ သို့သော် တရားရုံးက ပုဒ်မ-၃၅၄ (မိန်းမကာယိန္ဒြေပျက်စီးစေရန် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း) အမှုဖြင့် ကျူးလွန်သူကို အာမခံပေးခဲ့သည်။

အဆိုပါအမှုမှာ တစ်နှစ်ကျော်ထိ ကြာမြင့်လာသော်လည်း ထူးခြားမှုမရှိသဖြင့် နစ်နာသူအမျိုးသမီးဘက်မှ ကျူးလွန်သူကို တရားမျှတမှုရရှိရန် မီဒီယာများမှတစ်ဆင့် တောင်းဆိုခဲ့သည်။

မီဒီယာများမှ သတင်းဖော်ပြခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် အာမခံဖြင့်လွတ်မြောက်နေသည့် ကျူးလွန်သူကို အာရက္ခပြည်သူ့ အစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS) မှ ပြန်လည်ဖမ်းဆီးကာ တရားသူကြီးကိုလည်း စစ်ဆေးမှုများရှိလာခဲ့သည်။

လက်ရှိတွင် ကျူးလွန်သူအမျိုးသားကို ပြန်လည်ဖမ်းဆီးထားသည်မှာ တစ်လခန့် ကြာမြင့်လာပြီဖြစ်သော်လည်း အမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးပေ။

"ကျူးလွန်သူကို ဖမ်းပြီးကတည်းက တရားရုံးက စစ်ဆေးဖို့၊ အမိန့်ချဖို့ တစ်ခေါက်မှ မခေါ်သေးဘူး။ အမှုက အချိန်ကုန်ပြီး ပိုကြာလာတယ်" ဟု နစ်နာသူအမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဓမ္မပြုကျင့်ရန် ကြိုးပမ်းကြံစည်မှုသည် မုဒိန်းမှုမြောက်ပြီး အမြန်ဆုံး စီရင်ချက်ချမှတ်နိုင်ရန် ကြိုးပမ်းသင့်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ထောက်ပြသည်။

" အမှုက တစ်နှစ်ကျော်အထိ စီရင်ချက်မချနိုင်သေးတာ တရားစီရင်ရေးကို နည်းနည်း မေးခွန်းထုတ်သင့်ပြီပေါ့။ မုဒိန်းမှု တစ်ခုအနေနဲ့ တစ်နှစ်ကျော်အထိ မကြာသင့်ဘဲ အမြန်ဆုံး စီရင်ပေးသင့်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်တဲ့ အခြေအနေမှာ တရားရေး ကောင်းကောင်းမလည်ပတ်နိုင်ပေမယ့် လူထုကို ပွင့်ပွင့်လင်းလင်းချပြပြီး အလေးထား ဆောင်ရွက်ဖို့ လိုပါတယ် " ဟု အမျိုးသမီးအရေးလှုပ်ရှားနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိအမှုအခြေအနေနှင့် ပတ်သက်၍ ULA/AA ၏ နိုဗာ(၁) စစ်ဒေသ သက်ဆိုင်ရာ တရားရေးဌာနကို ဆက်သွယ်မေးမြန်းရန် DMG က ကြိုးပမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် မေလ ၆ ရက်ကလည်း မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး သံသယရှိသူ ၈ ဦးကို ULA/AA ၏ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)က ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ရခိုင်ပြည်အတွင်းက မြို့နယ်အများစုကို သိမ်းပိုက်ထားသည့် ULA/AA သည် တရားစီရင်ရေးကဏ္ဍကို ကိုင်တွယ်ဖြေရှင်းပေးနေသော်လည်း အားနည်းချက်များစွာရှိနေသေးကြောင်း ထောက်ပြဝေဖန်မှုများ ရှိနေသည်။