- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
အမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်သားများ ဆက်တိုက်ထွက်ပြေးနေ
အာရက္ခတပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့မှ စစ်ကောင်စီတပ်သားများမှာ လက်နက်ချအလင်းဝင်းမှု၊ ထွက်ပြေးမှုများ ဆက်တိုက်ဆိုသလို ရှိနေသည်။
06 Dec 2024

DMG ၊ ဒီဇင်ဘာ ၆
အာရက္ခတပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့မှ စစ်ကောင်စီတပ်သားများမှာ လက်နက်ချအလင်းဝင်းမှု၊ ထွက်ပြေးမှုများ ဆက်တိုက်ဆိုသလို ရှိနေသည်။
အမ်းမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီဗိုလ်ကြီးတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်ကလည်း အမ်းတိုက်ပွဲမှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကျောင်းသားလက်ရုံးတပ်တော်က တိုက်ခိုက်ခဲ့ဖြင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၁၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။
“အမ်းမှာ တိုက်ပွဲစဖြစ်ကတည်းက ဒုတိုင်းမှူးထွက်ပြေးသွားပြီ။ အဲဒီကတည်းက မြေပြင်မှာ တပ်သားတွေ စိတ်ဓာတ်ပိုင်းအရ ကျရှုံးသွားပြီ။ အခု အမ်းမှာ အေအေက တပ်ရင်းအများအပြားကို သိမ်းပိုက်ထားပြီ။ အခုလည်း နပခကို ထိုးစစ်ဆင်နေတယ်။ စစ်ကောင်စီတပ်က မြေပြင်မှာ ဖရိုဖရဲဖြစ်နေပြီ” ဟု ရခိုင်စစ်ရေး စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် နပခဌာနချုပ် ကျရှုံးရေးအတွက် လေကြောင်းနှင့် မြေပြင်မှတစ်ဆင့် စစ်ကူပို့ဆောင်နေပြီး ရိုးမတကြောတွင် လှုပ်ရှားသည့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များက ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်လျက် ရှိသည်။
နိုဝင်ဘာ ၂၁ ရက်က အမ်းသို့ စစ်ကူလာသည့်ယာဉ်တန်းကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစုတပ်ဖွဲ့ (PRA - မကွေး)က တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးကာ ၁၀ ဦးခန့်ဒဏ်ရာရရှိသွားသည်ဟု ထုတ်ပြန်ခဲ့သည်။
“တော်လှန်ရေးအင်အားစုတပ်တွေက ရခိုင် - မကွေးနယ်စပ်ကနေ ရခိုင်ဘက်တကြောကို ထိန်းချုပ်ထားတယ်။ မြေပြင်ကနေပြီ စစ်ကူပို့ရမှာက တကယ့်ကို စစ်ကောင်စီအတွက် ခက်ခဲသွားပြီ။ လေကြောင်းတစ်ခုကိုပဲ အသုံးပြုပြီး အင်အားဖြည့်နေရတယ်” ဟု မြေပြင်စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစုများက ဖမ်းဆီးရမိသည့် အမ်းမြို့နယ်မှ စစ်ကောင်စီတပ်သား ၃၀ ကျော်ထက်မနည်း ရှိနေသည်။ စစ်သုံ့ပန်းများအား စနစ်တကျထိန်းသိမ်းကာ ဆေးဝါးကုသပေးထားပြီး ကိစ္စအဝဝအား ဖြည့်ဆည်းကာ စောင့်ရှောက်ထားကြောင်း ပြောဆိုထားသည်။
အမ်းတွင် စစ်ကောင်စီတပ်ရင်းတပ်ခွဲ ၁၀ ကျော်အထိ အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီဖြစ်ကာ လက်ရှိ နပခ ကို ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်လျက်ရှိသည်။