မြို့နယ်လ.ဝ.ကဦးစီးမှူး မရှိ၍ ရမ်းဗြဲဒေသခံများ မှတ်ပုံတင်ပြုလုပ်ရာတွင် အခက်အခဲဖြစ်နေကြ

ရမ်းဗြဲမြို့နယ်တွင် မြို့နယ်လ.ဝ.ကဦးစီးမှူး မရှိ၍ ဒေသခံများ မှတ်ပုံတင်ပြုလုပ်မည်ဆိုပါက ကျောက်ဖြူခရိုင် လ.ဝ.ကရုံးမှတစ်ဆင့် ပြုလုပ်နေရ၍ အချိန်ကြန့်ကြာနေရသည်ဟု ဒေသခံများကဆိုသည်။

By Admin 23 Sep 2023

မြို့နယ်လ.ဝ.ကဦးစီးမှူး မရှိ၍ ရမ်းဗြဲဒေသခံများ မှတ်ပုံတင်ပြုလုပ်ရာတွင် အခက်အခဲဖြစ်နေကြ

DMG ၊ စက်တင်ဘာ ၂၃

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်က လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ယခု စက်တင်ဘာလအထိ ခရီးသွားရောက်နေသဖြင့် ဒေသခံများ နိုင်ငံသားစိစစ်ရေးကတ်ပြား (ခေါ်) မှတ်ပုံတင်ပြုလုပ်ရာတွင် အခက်အခဲရှိနေကြောင်း ပြောသည်။

ရမ်းဗြဲမြို့နယ်တွင် မြို့နယ်လ.ဝ.ကဦးစီးမှူး မရှိ၍ ဒေသခံများ မှတ်ပုံတင်ပြုလုပ်မည်ဆိုပါက ကျောက်ဖြူခရိုင် လ.ဝ.ကရုံးမှတစ်ဆင့် ပြုလုပ်နေရ၍ အချိန်ကြန့်ကြာနေရသည်ဟု ဒေသခံများကဆိုသည်။

“နယ်ကလူတွေအတွက်ဆို ပိုပြီးအခက်အခဲဖြစ်တယ်။ နယ်ကနေ တစ်ခေါက်လာပေမယ့် မရဘဲနဲ့ စောင့်နေရတယ်။ ဘယ်နေ့ရမယ်မှန်းလည်း မသိရဘူး။ မလုပ်ရင်လည်း အဆင်မပြေတော့ ကိုယ်ရေးရာဇဝင် ဖိုင်တွဲကိုထားပြီး လာခဲ့ရတယ်။ သူတို့က ရပြီလို့အကြောင်းကြားတော့မှ သွားယူရတယ်” ဟု မှတ်ပုံတင်လုပ်ရန် သွားရောက်ခဲ့သည့် ရမ်းဗြဲမြို့နယ်မှ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် ရမ်းဗြဲမြို့နယ်မှ မှတ်ပုံတင် လာရောက်လျှောက်ထားသူများ၏ ဖိုင်တွဲများကို ကျောက်ဖြူခရိုင် လ.ဝ.ကရုံးသို့ ပို့ဆောင်ရပြီး ထိုမှတစ်ဆင့် မှတ်ပုံတင်ပြုလုပ်ပေးနေခြင်းဖြစ်ကာ မှတ်ပုံတင်ရရှိရန် အချိန်တစ်လခန့်ထိကြာမြင့်နေကြောင်း သိရသည်။

“လ.ဝ.ကဘက်က ပြောတာက ဦးစီးမှူးမရှိလို့ ဖိုင်တွဲတွေကို ကျောက်ဖြူကိုပို့ရတဲ့အတွက် ကြာတာလို့ပြောတယ်။ ဒါကြောင့် အနည်းဆုံး တစ်လလောက်စောင့်ရနိုင်တယ်။ ကံကောင်းရင်တော့ ၁၅ ရက်လောက်နဲ့ ရနိုင်မယ်ဆိုပြီး ဝန်ထမ်းတွေကပြောတယ်။ ခုခေတ်က မှတ်ပုံတင်မရှိရင် ခရီးထွက်ဖို့မပြောနဲ့ အိမ်မှာနေရင်တောင် အဆင်ပြေတာ မဟုတ်ဘူး” ဟု နောက်ထပ် ရမ်းဗြဲဒေသခံ‌ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်ဖြူခရိုင်လ.ဝ.ကရုံးသို့ ဖိုင်တွဲများပေးပို့ရာတွင်လည်း တစ်ကြိမ်ပို့လျှင် မှတ်ပုံတင်လျှောက်ထားသူ ၁၀ ဦးခန့်ပြည့်ရန် စောင့်ဆိုင်းပြီးမှ ပို့ပေးခြင်းဖြစ်ကြောင်း ရမ်းဗြဲဒေသခံများထံမှ သိရသည်။

ထိုသို့ မှတ်ပုံတင်ပြုလုပ်ရာတွင် အချိန်ကြန့်ကြာမှုများ ရှိနေသဖြင့် အရေးပေါ် ခရီးသွားရမည့်သူများအတွက် နစ်နာမှုဖြစ်ပေါ်နေရကြောင်း ဒေသခံများကဆိုသည်။

ရမ်းဗြဲမြို့ခံ ဦးထွန်းထွန်းနိုင်က “ဌာနရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းရမှာက ဌာနရဲ့ လူတွေဖြစ်သလို ဒီလှစ်ဟာနေတဲ့ ဦးစီးမှူးနေရာကိုလည်း ပြည်နယ်အစိုးရက သိမှာပဲ။ ဒါကို ဖြည့်ဆည်းပေးရမှာက သူတို့ရဲ့ တာဝန်ပါ။ ဒေသခံတွေအတွက် ကျနော့်အနေနဲ့ကတော့ ဒါတွေကို အမြန်ဆုံး အဆင်ပြေစေချင်တယ်ပါတယ်” ဟု ပြောသည်။

ရမ်းဗြဲဒေသခံများမှာ ရမ်းဗြဲမြို့နယ် လ.ဝ.ကရုံးတွင်သာ အဆင်ပြေချောမွေ့စွာ မှတ်ပုံတင်ပြုလုပ်ခွင့်ရရှိရန် လိုလားနေကြသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ရမ်းဗြဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ ပြုလုပ်ပေးနေသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနက ထုတ်ပြန်ထားသော်လည်း ပြည်သူများအနေဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ခအတွက် ငွေပေးသွင်းရခြင်းနှင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းများ ရှိနေသည်။

#I008

ဗီဒီယိုများ