- လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- ကျောက်ဖြူ စစ်ကောင်စီ တပ်ရင်းများကို AA က လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ
- ဇူလိုင်အရေးတော်ပုံမှသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအခန်းကဏ္ဍသစ်ဆီသို့
- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
ရခိုင်က စစ်ဘေးရှောင်များ သွေးလွန်တုပ်ကွေးဖြစ်ပွားမည်ကို စိုးရိမ်နေကြ
ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များမှာ မိုးရာသီကာလ အမိုးအကာမလုံခြုံခြင်း၊ ခြင်ထောင်မလုံလောက်ခြင်းနှင့် ယင်လုံအိမ်သာ လုံလောက်မှု မရှိခြင်းတို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။
22 Jun 2024

DMG ၊ ဇွန် ၂၂
ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များမှာ မိုးရာသီကာလ အမိုးအကာမလုံခြုံခြင်း၊ ခြင်ထောင်မလုံလောက်ခြင်းနှင့် ယင်လုံအိမ်သာ လုံလောက်မှု မရှိခြင်းတို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။
လက်ရှိတွင် စစ်ဘေးရှောင်များမှာ အအေးမိဖျားနာခြင်း အဖြစ်များနေပြီး ခြင်ထောင်မလုံလောက်မှုကြောင့် အလွန်အကျွံ ခြင်ကိုက်ခံရနေရသဖြင့် သွေးလွန်တုပ်ကွေးရောဂါကို စိုးရိမ်နေကြခြင်းဖြစ်သည်။
“ခြင်တွေ တအားကိုက်တယ်။ ခြင်ထောင်က လုံလောက်မှုမရှိဘူး။ အဲဒီထဲမှာ အိမ်သာတွေကလည်း အပြည့်အစုံ မရှိဘူး။ တော်တော်ဒုက္ခဖြစ်ရတယ်။ အခုက အရင်နှစ်တွေကလို ကျန်းမာရေးစောင့်ရှောက်မှုလည်းမရတော့ ပိုပြီးစိုးရိမ်ရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲစစ်ဘေးရှောင်စခန်းမှ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်လူဦးရေ ၇၀၀ ကျော်ရှိသည့် အထက်မြတ်လှဲစစ်ဘေးရှောင်စခန်းတွင် ဇွန်လအစောပိုင်းက ငှက်ဖျားရောဂါဖြစ်ပွားသူ ၂၀ ကျော်ရှိခဲ့ပြီး လက်ရှိတွင် စားနပ်ရိက္ခာအပြင် ခြင်ထောင်လိုအပ်ချက်များရှိနေသည်။
သွေးလွန်တုပ်ကွေးသည် အသက်ဆုံးရှုံးနိုင်ထိ ပြင်းထန်သဖြင့် အိမ်ဘေးနားရှိ ရေအိုင်များ၊ ချိုင့်ခွက်များတွင် မိုးရွာလျှင် ရေမတင်ကျန်စေရန် ရေစီးမြောင်းဖောက်ကာ ခြင်အန္တရာယ်ကာကွယ်ကြရန် လိုအပ်သည်။
ယင်းအပြင် ခြင်မကိုက်အောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီအရှည် ဝတ်ဆင်ရန်လိုအပ်ပြီး နေ့ခြင်းဖြစ်စေ၊ ညဖြစ်စေ အိပ်သည့်အချိန်တွင်လည်း ခြင်ထောင်ချပြီး အိပ်ရန်လိုအပ်သည်။
သို့သော် တိုက်ပွဲအကျိုးဆက်ကြောင့် တောတောင်အနီး၊ ကားလမ်းဘေးရှိ လယ်ကွင်းပြင်များတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမည့် အန္တရာယ်နှင့် ကြုံတွေ့နေကြရသည်။
“ကျမတို့မှာ မိုးမရွာပါနဲ့လို့သာ ဆုတောင်းနေရပါတယ်။ ခြင်တွေကိုက်တော့ ကလေးငယ်တွေ ကျန်းမာရေးအတွက် တော်တော်စိုးရိမ်ရတဲ့ အနေအထားရှိပါတယ်” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်ကာ လူကြီး/လူငယ်၊ ကျား/မ မရွေးဖြစ်ပွားတတ်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး မိုးရာသီကာလ ဇွန်၊ ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် အဖြစ်များသည်။