ဒါးလက်ချောင်းဒေသသို့ ဆန်၊ ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားဆဲ

ရခိုင်စစ်ပွဲ အပစ်ရပ်ထားသော်လည်း အမ်းမြို့နယ်၊ ဒါးလက်ချောင်း ဒေသရှိ ကျေးရွာ ၅၀ ခန့်သို့ ဆန်၊ ဆေးဝါးနှင့် ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။

By Admin 16 Dec 2022

ဒါးလက်ချောင်းဒေသသို့ ဆန်၊ ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားဆဲ

ဒါးလက်ချောင်းကြောင်း တစ်နေရာကို အဝေးမှ မြင်ရပုံ။ ဓာတ်ပုံ - ဒါးလက်ချောင်းဒေသ သတင်းစုံ

DMG | ဒီဇင်ဘာ ၁၆

ရခိုင်စစ်ပွဲ အပစ်ရပ်ထားသော်လည်း အမ်းမြို့နယ်၊ ဒါးလက်ချောင်း ဒေသရှိ ကျေးရွာ ၅၀ ခန့်သို့ ဆန်၊ ဆေးဝါးနှင့် ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်ကြောင်း သိရသည်။

ဒလက်ချောင်းဒေသတွင် ပြီးခဲသည့် အောက်တိုဘာလ ၁၃ ရက်နေ့က ရေလမ်းကြေင်းနှင့် နိုဝင်ဘာလ ၁ ရက်နေ့က ကုန်းလမ်းကြောင်းတို့ကို ပိတ်ထားခဲ့ရာကနေ ဒီဇင်ဘာလ ပထမအပတ်က ပြန်လည်ဖွင့်ပေးလိုက်သော်လည်း ဒေသခံများအတွက် အခြေခံကုန်စည်များဖြစ်သော ဆန်၊ ဆေးဝါး၊ ဘိလပ်မြေနှင့်စက်သုံးဆီတို့ကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့် ပေးထားခြင်းဖြစ်သည်။

“ အရင်ခါလို သယ်ချင်သလောက် သယ်ယူလို့မရပါ။ ဆေးဝါးတွေဆိုလည်း ကျန်းမာရေးကိစ္စ ပြောပြရတယ်။ ဆေး ၁၀ ကဒ်လောက်လိုအပ်တယ် ပြောပေမယ့် ၅ ကဒ်‌လောက်ပဲ ယူလို့ရမယ်။ အဲဒီလို သဘောပါ။ ဆန်လည်း အဲလိုပါပဲ။ ဖြစ်သလို သယ်ယူလို့မရပါ။ သူ့စာရင်းနဲ့ သူပါ။ သဘောက လူ ၅ ယောက်မှာ ဆန်ဘယ်နှစ်အိတ် ဆိုပြီး ကန့်သတ်ချက်နဲ့ ယူရတယ် ” ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ ဒါးလက်မြောက်ရွာသားတစ်ဦးက DMG သို့ ပြောသည်။

အလားတူ ဘိလပ်မြေဆိုလျင်လည်း ကျောင်းများ ဆောက်လုပ်ရန်(သို့မဟုတ်) သာသနာရေး ကိစ္စများ၊ စစ်ကောင်စီ၏ စီမံကိန်းများနှင့် ပတ်သက်သည့် ဆေးရုံ၊ ‌ဆေးခန်းများ ဆောက်လုပ်ရန်အတွက်သာ ခွင့်ပြုကြသည်။ တခြား နေအိမ်များ ဆောက်လုပ်ရန်နှင့် ပုဂ္ဂလိက‌ဆောက်လုပ်ရေး လုပ်ငန်းများအတွက်မူ သယ်ယူခွင့် မရကြပေ။

“ ကျနော်တို့က ဘိလပ်မြေနဲ့ တခြားပစ္စည်းတွေ ဘာလို့ သယ်မရတာလဲလို့ ဂိတ်တွေမှာ မေးကြည့်တဲ့အခါ အထက်က ညွှန်ကြားချက်အရ သူတို့လည်း ပိတ်ပင်ကန့်သတ်ထားရတာ ဖြစ်တယ်လို့ပဲ ပြောကြပါတယ် ” ဟု သူက ဆက်ပြောသည်။

ယင်းကြောင့် အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး တုန့်ပြန်ချက်ရရှိနိုင်ရန် ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း တို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ဒါးလက်ချောင်း ဒေသခံများမှာ ကုန်းလမ်းကြောင်းမှ ကမ်းထောင့်ကြီးမြို့နှင့် မြေပုံမြို့တို့ကို သွားရောက်မည် ဆိုပါက အလယ်ကျွန်း စစ်ဆေးရေးဂိတ်၊ ဂြိတ်ချောင်း စစ်ဆေးရေးဂိတ်နှင့် ကဇုကိုင်းစစ်ဆေးရေးဂိတ်တို့ကို ဖြတ်သန်းရသည်။ ရေလမ်းကြောင်းမှသွားလျင်လည်း ကဇုကိုင်း စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင်လည်း ဒေသခံများကို တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်ပြီး ၎င်းတို့ မသင်္ကာသည့် စာရင်းစာရွက်ထဲမှ နာမည်ပါလျင်လည်း တစ်ပါတည်း ဖမ်းဆီးကြောင်း ဒါးလက် အနောက်ရွာသားတစ်ဦးက ပြောသည်။

“ ကုန်းလမ်း၊ ရေလမ်းတွေမှာလည်း ယောင်္ကျားတွေကို တိတိကျကျ စစ်ဆေးပါတယ်။ မှတ်ပုံတင်တွေ ကြည့်တယ်။ ပြီးရင် အထက်လူကြီးတွေကို တင်ပေးတယ်။ သူတို့ရဲ့ စာရင်း ဇယားစာရွက်တွေထဲမှာပါတဲ့လူဆိုရင် ဖမ်းပါတယ်။ သဘောက ULA/ AA နဲ့ ပတ်သတ်တဲ့ လူတွေထင်ပါတယ် ” ဟု ဒါးလက်အနောက်ရွာသားတစ်ဦးက ပြောသည်။

ဒါးလက်ချောင်းအုပ်စုတွင် ဒါးလက်တောင်ရွာ၊ ဒါးလက်ရွာဟောင်းရွာ၊ ဒါးလက်အနောက်ရွာ ဒါးလက် ရှမ်းကုန်းရွာ၊ အလယ်ကျွန်း အပါအဝင် ကျေးရွာပေါင်း ၄၈ ရွာကျော် ရှိပြီး လူဦးရေ တစ်သောင်းနှစ်ထောင်ကျော် နေထိုင်ကြကာ ဒေသခံများမှာ သစ်ခုတ်ခြင်း၊ ဝါးခုတ်ခြင်း၊ တောင်ယာလုပ်ငန်း လုပ်ကိုင်ခြင်းတို့ဖြင့် အသက်မွေးကြသည်။

ထို့အတူ ဒါးလက်ချောင်း ဒေသခံများမှာ အမ်းမြို့၊ ကဇုကိုင်းကျေးရွာသို့ ကုန်းလမ်း၊ ရေလမ်းခရီးဖြင့်သွားနိုင်ပြီး ကမ်းထောင်းကြီးမြို့ကို ရေလမ်းခရီးမှ သွားရောက်ကာ ဆန်၊ ဆီ၊ ဆားအပြင် တခြားလူသုံးကုန်ပစ္စည်းများကို အဓိက ဝယ်ယူစားသုံးနေကြသည်။

ပြီးခဲ့သည့် တိုက်ပွဲကာလများအတွင်းကပင် ရခိုင်ပြည်သူများသည် တိုက်ပွဲများကြားထဲတွင် မြေစာပင်များ ဖြစ်ခဲ့ရာက စစ်ရေးပဋိပက္ခအတွင် အသက်ဆုံးရှုံးသွားသူများလည်း ရှိခဲ့သည်။ ထို့အတွက် ယခုလို တိုက်ပွဲများ ရပ်တန့်နေသည့်ကာလတွင် ရခိုင်ပြည်သူများအတွက် လိုအပ်သော စားနပ်ရိက္ခာများကို လွတ်လပ်စွာ သယ်ယူခွင့်ပေးသင့်ကြောင်း ရခိုင်ပရဟိတသမားများက တိုက်တွန်းကြသည်။

“ အခုလို စားနပ်ရိက္ခာတွေကို ထပ်ပြီး ပိတ်ထားမယ်ဆိုရင် တိုက်ပွဲကြောင့် မသေဘဲ ဆေးဝါးတွေ ဖြတ်ထားတဲ့အတွက်ကြောင့် ကျနော်တို့ ပြည်သူတွေဟာ ဒီထက်ပိုပြီး ဒုက္ခရောက်လာနိုင်တယ်။ အဲဒါကြောင့် စစ်ကောင်စီအနေနဲ့ ကိုယ့်တိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်း အမှန်တကယ် လိုလားတယ်ဆိုရင် ဘယ်ဒေသကိုမဆို တရားဝင်ပစ္စည်းအားလုံးကို လွတ်လွတ်လပ်လပ် သယ်ယူခွင့်ပေးဖို့ ပြောချင်ပါတယ်” ဟု ရခိုင်ဒေသခံ ပရဟိတသမား ကိုအမ်းသားကြီးက DMG ကိုပြောသည်။

ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲကာလက ကုန်းလမ်းရေလမ်းများကို စစ်ကောင်စီက ပိတ်ထားခဲ့ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီနှင့် ‌AA တို့ နားလည်မှုဖြင့် အပစ်ရပ်ပြီးနောက် ဒီဇင်ဘာလအတွင်း အဆိုပါ လမ်းကြောင်းများကို ပြန်လည်ဖွင့်ပေးခဲ့သော်လည်း တချို့ဒေသများတွင် စားနပ်ရိက္ခာနှင့် ဆေးဝါးများကို ကန့်သတ်ထားဆဲဖြစ်သည်။

ဗီဒီယိုများ