အမ်းမြို့နယ်အတွင်း ခုံး(ဂုံး)ကောင်ရေ အများအပြား သေဆုံးမှုဖြစ်ပေါ်နေ

ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်းရှိ မြစ်ချောင်းကမ်းပါးများတွင် ခုံး(ဂုံး)ကောင်ရေ အများအပြားသေဆုံးမှု ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 21 Apr 2023

အမ်းမြို့နယ်၊ ကျားအိုချောင်းအတွင်း သေဆုံးနေသည့် ခုံး(ဂုံး)ကောင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုမျိုးလွင်)
အမ်းမြို့နယ်၊ ကျားအိုချောင်းအတွင်း သေဆုံးနေသည့် ခုံး(ဂုံး)ကောင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုမျိုးလွင်)

DMG ၊ ဧပြီ ၂၁

ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်းရှိ မြစ်ချောင်းကမ်းပါးများတွင် ခုံး(ဂုံး)ကောင်ရေ အများအပြားသေဆုံးမှု ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အမ်းမြို့နယ်၊ ကျားအိုးချောင်း ကမ်းပါးတစ်လျှောက်တွင် ခုံး(ဂုံး)များသေဆုံးနေမှုကို ပြီးခဲ့သည့်မတ်လကစပြီး ယခုအချိန်ထိ တွေ့ရှိနေရကြောင်း အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့်ရေးအဖွဲ့မှ ကိုမျိုးလွင်က ပြောသည်။

“ဂုံးကောင်တွေ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပေါ်နေတယ်ဆိုရင် မိုးသည်းထန်စွာ ရွာသွန်းတာလည်း မရှိဘူး။ နောက်ပြီး ရေထုညစ်ညမ်းမှု ဖြစ်ပေါ်တာကိုလည်း မတွေ့ရဘူး။ အဲဒါကြောင့်မို့ ဘာဖြစ်လို့ သေဆုံးတယ်ဆိုတာကို မသိနိုင်ဘူး”ဟု ကိုမျိုးလွင်က ပြောသည်။

ထိုသို့ အမ်းမြို့နယ်အတွင်း ခုံး(ဂုံး)ကောင်ရေများ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားပြီးနောက် ငါး၊ ပုစွန်၊ ကဏန်းများ ရှာဖွေ၍မရတော့ဘဲ ယခင်ထက် သိသိသာသာ လျော့ကျလာနေကြောင်း ဒေသခံများက ဆိုသည်။

ကဏန်းဖမ်းခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းသူ အမ်းမြို့နယ်မှ ကိုမျိုးမောင်က ကဏန်းရှာ၍မရသည်မှာ တစ်လကျော်အထိ ရှိနေပြီဖြစ်၍ မိသားစုစားဝတ်နေရေး ထိခိုက်နေရကြောင်း ပြောဆိုသည်။

“ကျနော်တို့ဘက်မှာ ကဏန်း၊ ပုစွန်၊ ငါးအကုန်လုံး ရှာလို့မရဘဲ အများကြီး ဆုတ်ယုတ်သွားတယ်။ အခုဆိုရင် ကျနော်တို့အတွက် ကဏန်းရှာရတာ ဘယ်လိုမှ အဆင်မပြေတော့ဘူး” ဟု ကိုမျိုးမောင်က ပြောသည်။

အမ်းမြို့နယ်အတွင်း ခုံး(ဂုံး)ကောင်ရေ အများအပြား သေဆုံးမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ DMG ကဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာ မြို့နယ်ငါးလုပ်ငန်းဌာနမှ တင်ပြလာခြင်း မရှိသေး၍ စစ်ဆေးမှုများ မပြုလုပ်ရသေးကြောင်း ပြောသည်။

ခုံး(ဂုံး)များ သေဆုံးမှုဖြစ်ပွားရခြင်းမှာ ခန့်မှန်းရခက်သော်လည်း ရေထုညစ်ညမ်းခြင်း၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းတို့ကြောင့် သေဆုံးတတ်ပြီး ထိုသို့ဖြစ်ပွားလျှင် သားငါးပုစွန်ပေါက်ဖွားမှု နည်းပါးသွားနိုင်သည်ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ယာယီညွှန်ကြားရေးမှူး ဦးထွန်းသိန်းက ပြောသည်။

“ရေသယံဇာတ တစ်ခုခုဖြစ်တာကြောင့်လို့တော့ သုံးသပ်ရပါတယ်။ ရေမှာ ဓာတ်တစ်ခုခု မသင့်လျော်တာဖြစ်ရင်လည်း ငါးပုစွန်တွေ ဆုတ်သွားတာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျနော်တို့ဆီကို သက်ဆိုင်ရာမြို့နယ်က တင်ပြလာတာတွေရှိရင် ရေကို ဓာတ်ခွဲခန်းမှာ စစ်ဆေးပေးသွားမှာပါ”ဟု ဦးထွန်းသိန်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ကျောက်ဖြူမြို့နယ်၊ မဒေကျွန်းအနီး သံဇစ်မြစ်အတွင်း ရေထုညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ခုံး(ဂုံး)ကောင်ရေ သန်းပေါင်းများစွာ သေဆုံးမှုဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်တွင် ရေသယံဇာတများ တဖြည်းဖြည်း ရှားပါးလာနေခြင်းကြောင့် မြစ်ချောင်း၊ အင်းအိုင်များကို အမှီပြုကာ လုပ်ကိုင်စားသောက်နေကြသူများအတွက် စိန်ခေါ်မှုများရှိနေကြသည်။

#R005

ဗီဒီယိုများ