- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
ရခိုင်တွင် ခုံး(ဂုံး)ကောင်များ သေဆုံးနေမှုမှာ အပူချိန်မြင့်တက်ခြင်းကြောင့်ဟု ဆို
ယခုနှစ် ရခိုင်ပြည်တွင် နေ့စဉ်ပျဉ်းမျှအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းများတွင် ဖော်ပြသည်။
09 May 2023

DMG ၊ မေ ၉
ရခိုင်ပြည် အမ်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တွင် ခုံး(ဂုံး)ကောင်များ သေဆုံးနေမှုမှာ ရေထုညစ်ညမ်းမှုကြောင့် မဟုတ်ဘဲ အပူချိန်မြင့်တက်ခြင်းနှင့်သက်ဆိုင်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ရှိသူက DMG သို့ ပြောသည်။
“ကျောက်ဖြူဖက်တွေမှာ ခုံး(ဂုံး)သေဆုံးမှုတွေရှိတယ် ဆိုပြီးတော့ လူမှုကွန်ယက်မှာ တက်လာတဲ့အတွက် ရေထုကို လစဉ် တိုင်းတာနေတာရှိတယ်။ ဒါပေမယ့် ခုံး(ဂုံး)တွေသေတာဟာ ရေထုညစ်ညမ်းမှုကြောင့် မဟုတ်ဘူး။ အပူချိန်ပြင်းတဲ့အတွက် သေတာပဲဖြစ်မယ်လို့ ယူဆရပါတယ်” ဟု ရခိုင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးဦးသန်းမြင့်က ပြောသည်။
ရခိုင်မြစ်၊ ချောင်းများကို ရေထုတိုင်းတာချက်အရ ရေထုညစ်ညမ်းမှုမှာ အဆိုးဝါးဆုံးအဆင့် မရှိသေးကြောင်း ဦးဦးသန်းမြင့်က ရှင်းပြသည်။
ယခုနှစ် ရခိုင်ပြည်တွင် နေ့စဉ်ပျဉ်းမျှအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန သတင်းများတွင် ဖော်ပြသည်။
ကျောက်ဖြူမြိုနယ် သံဇစ်မြစ်နှင့် အမ်းမြို့နယ်၊ ကျားအိုးချောင်း ကမ်းပါးတစ်လျှောက်တွင် ပြီးခဲ့သည့် မတ်လအတွင်းက ခုံး(ဂုံး)ကောင်အများအပြား သေဆုံးနေသည်ကို တွေ့ရသဖြင့် ရေထုညစ်ညမ်းမှုကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက သံသယရှိခဲ့ကြသည်။
ခုံး(ဂုံး)ကောင်များ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားပြီးနောက် ငါး၊ ပုစွန်၊ ကဏန်း ရှာဖွေရရှိမှုမှာ ယခင်ထက် သိသိသာသာ လျော့ကျလာနေကြောင်း ဒေသခံများက ပြောသည်။
သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်နေသူ အမ်းဒေသခံ ကိုမျိုးလွင်က “သင်္ကြန်မကျခင်ကတော့ ဂုံးကောင်ရေအများအပြား သေဆုံးမှုတွေကို တွေ့ရတယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ မတွေ့ရတော့ဘူး။ အဓိကတော့ ဒီရေပင်တွေ ရှားပါးလာတဲ့အတွက် ရာသီဥတုအပူချိန်ကြောင့် သေဆုံးတာဖြစ်တယ်လို့ ယူဆရတယ်။ ဒါပေမယ့် အတိအကျပြောလို့တော့ မရဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ကျောက်ဖြူမြို့နယ်၊ မဒေကျွန်းအနီး သံဇစ်မြစ်အတွင်း ခုံး(ဂုံး)ကောင်ရေ သန်းပေါင်းများစွာ သေဆုံးမှုဖြစ်ပွားခဲ့သည်။ ရခိုင်ပြည်တွင် ရေသယံဇာတများ တဖြည်းဖြည်း ရှားပါးလာနေခြင်းကြောင့် မြစ်ချောင်း၊ အင်းအိုင်များကို အမှီပြုကာ လုပ်ကိုင်စား သောက်နေကြသူများအတွက် စိန်ခေါ်မှုများစွာ ရှိနေသည်။
#R007