- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
AA ထိုးစစ်ကြောင့် ချင်းကုန်းရွာအနီးက စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး
AA က ဆပ်သွားရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီးနောက် ချင်းကုန်းရွာအနီးရှိ တပ်သားများကို ဆက်လက်တိုက်ခိုက်ခဲ့၍ နိုဝင်ဘာ ၂၃ ရက်တွင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
25 Nov 2024

DMG ၊ နိုဝင်ဘာ ၂၅
အာရက္ခတပ်တော်(AA)၏ အပြင်းအထန်ထိုးစစ်ကြောင့် ဂွမြို့နယ်၊ ချင်းကုန်းရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများမှာ တပ်ဆုတ်ထွက်ပြေးသွားကြောင်း AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
AA က ဆပ်သွားရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီးနောက် ချင်းကုန်းရွာအနီးရှိ တပ်သားများကို ဆက်လက်တိုက်ခိုက်ခဲ့၍ နိုဝင်ဘာ ၂၃ ရက်တွင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
“ချင်းကုန်းရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က AA ထိုးစစ်ကို မခံနိုင်တဲ့အတွက် အလယ်ချောင်းရွာဖက်ကို ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရတယ်။ အခု အဲဒီရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်။ AA က ဒရုန်းဗုံးတွေ၊ ရှော့တိုက်ဒုံးတွေ အသုံးပြုပြီးတော့ တိုက်ခိုက်နေတာရှိတယ်” ဟု စစ်ရေးသတင်း ရင်းမြစ်တစ်ဦးက ပြောသည်။
AA သည် ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တစ်စတစ်စနှင့် ထိုးဖောက်တိုက်ခိုက်လာနေပြီး လက်ရှိမှာ မြို့နှင့် ၆ မိုင်ကျော်အကွာ အလယ်ချောင်းကျေးရွာအနီးသို့ ရောက်ရှိနေပြီဖြစ်သည်။
AA ထိုးစစ်မှာ မြို့နှင့်နီးကပ်လာ၍ စစ်ကောင်စီသည် ဂွမြို့အခြေစိုက် ခမရ ၅၆၂၊ ခမရ ၅၆၃ တပ်ရင်းများတွင် လေကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းကာ ခံစစ်အခိုင်အမာ ပြင်ဆင်ထားကြောင်း သိရသည်။
တိုက်ပွဲကြောင့် သောင်းနှင့်ချီသောဒေသခံများမှာ ဘေးလွတ်ရာနေရာ အသီးသီးတွင် ထွက်ပြေးခိုလှုံနေကြပြီး စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ကြရသည်။
“စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားတော့ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာရရှိရေးက အတော်လေး အခက်အခဲရှိတယ်။ အလှူရှင်ကလည်းနည်း၊ ဒေသတွင်းက လူမှုရေးအဖွဲ့တွေအနေနဲ့လည်း အလုံအလောက် မကူညီနိုင်တော့ အခြေအနေပိုဆိုးတယ်။ အကူအညီရရင် စား၊ မရရင် ဖြစ်သလိုရုန်းကန်၊ ဒီလိုပဲ ဖြတ်သန်းနေကြရတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။
ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာနေပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ လက်ရှိတွင် မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့ကို သိမ်းပိုက်ရန် AA က ကြိုးပမ်းနေ၍ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေသည်။