စစ်တွေတွင် အမှိုက်စွန့်ပစ်မှုကို စစ်တမ်းကောက်ယူနေ

နေအိမ်မှထွက်ရှိလာသည့် အမှိုက်များကို အစို/အခြောက် ခွဲခြားပြီး စနစ်တကျစွန့်ပစ်တတ်ရန်၊ ဆွေးမြေ့လွယ်သည့်အမှိုက်၊ ပလပ်စတစ်အမှိုက် စသည်ဖြင့်ခွဲခြားကာ ပြန်လည်အသုံးချခြင်းများ ပြုလုပ်တတ်ရန်အတွက် အသိပညာပေးခြင်းကိုလည်း တစ်ပြိုင်တည်းပြုလုပ်နေကြောင်း Green Network - Sittwe မှ သိရသည်။

By Admin 03 Feb 2023

စစ်တွေတွင် အမှိုက်စွန့်ပစ်မှုကို စစ်တမ်းကောက်ယူနေ

အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်ပြီး Green Network-Sittwe အဖွဲ့သားများမှ စစ်တမ်းကောက်ယူနေစဉ်။

DMG ၊ ဖေဖော်ဝါရီ ၃

အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်ပြီး ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်နှင့် ရေရှည်တည်တံ့သော အမှိုက်စွန့်ပစ်မှုဆိုင်ရာ အလေ့အထများအား သိရှိနိုင်စေရန် ရည်ရွယ်ပြီး Green Network - Sittwe က ဦးဆောင်ကာ ရခိုင်ပြည်၊ စစ်တွေမြို့တွင် ပြည်သူ့အမြင်များအား စစ်တမ်းကောက်ယူလျက်ရှိသည်။

နေအိမ်မှထွက်ရှိလာသည့် အမှိုက်များကို အစို/အခြောက် ခွဲခြားပြီး စနစ်တကျစွန့်ပစ်တတ်ရန်၊ ဆွေးမြေ့လွယ်သည့်အမှိုက်၊ ပလပ်စတစ်အမှိုက် စသည်ဖြင့်ခွဲခြားကာ ပြန်လည်အသုံးချခြင်းများ ပြုလုပ်တတ်ရန်အတွက် အသိပညာပေးခြင်းကိုလည်း တစ်ပြိုင်တည်းပြုလုပ်နေကြောင်း Green Network - Sittwe မှ သိရသည်။

“ပလတ်စတစ်က လေထုတွေမှာရော၊ ရေပြင်၊ မြေပြင်မှာပါ အများကြီး ပြန့်ကြဲနေတာတွေရှိတယ်။ အဲဒါရဲ့ ဘေးထွက်ဆိုးကျိုးကလည်း စွန့်ပစ်လိုက်တဲ့ သူဆီကိုပဲ ပြန်လာတာပါ။ ပြီးရင် မြို့နယ်တစ်ခုရဲ့ ဧရိယာတွေ၊ တစ်ဖက်မှာလည်း ကျန်းမာရေးကဏ္ဍတွေ ပိုဆိုးလာတာတွေရှိတယ်။ စစ်တွေမှာဆိုလို့ရှိရင်လည်း ပလတ်စတစ်ကို သုံးလို့လွယ်လို့သာ သုံးနေရတာ။ ဘေးထွက်ဆိုးကျိုးတွေကို မသိကြဘူး။ အဲဒါကြောင့် ကျနော်တို့က ပလတ်စတစ်တွေဟာ ဘယ်လောက်ထိ ဆိုးကျိုးရှိသလဲဆိုတာကို ထုတ်ပြနိုင်အောင်လုပ်နေကြတာပါ”ဟု Green Network - Sittwe မှ Project Manager ကိုမျိုးလှိုင်က DMG ကိုပြောသည်။

လက်ရှိတွင် စစ်တွေမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဆင်ကူးလမ်း၊ ကျေးပင်ကြီး၊ အနောက်စံပြ၊ ‌အောင်မင်္ဂလာ၊ မင်းဂံရပ်ကွက် အကွက်(၂)နှင့်(၈)တို့မှ နေအိမ်များကိုဝင်ရောက်ကာ အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်ပြီး စစ်တမ်း ကောက်ယူနေခြင်းဖြစ်သည်။

နေအိမ်မှထွက်ရှိလာမည့် အမှိုက်များထဲမှ အမှိုက်စို၊ အမှိုက်ခြောက်၊ စားကြွင်းစားကျန်၊ ဆွေးမြေ့လွယ်သော အမှိုက်နှင့် အခြားအမှိုက်များကို စိစစ်ရွေးချယ်ပြီး အလေးချိန်တိုင်းတာကာ နေအိမ်တစ်အိမ်မှ ပျမ်းမျှအမှိုက် မည်မျှထွက်ရှိသည်ကို စစ်တမ်းကောက်ယူနေခြင်းဖြစ်သည်ဟု Green Network - Sittwe အဖွဲ့ဝင် မခင်နှင်းဝေက DMG သို့ပြောသည်။

“၃ ရက်ကို သတ်မှတ်ထားတယ်။ ရွေးချယ်ထားတဲ့ အိမ်တွေက အမှိုက်တွေကို လာသိမ်းမယ်လို့မပြောဘူး။ ဝင်ပြီးတော့ အင်တာဗျူးတယ်။ အမှိုက်တွေ ဘယ်လောက်ရှိလဲဆိုတဲ့ အလေးချိန်နဲ့ ချိန်တယ်။ မနက်ဖြန် တစ်နေ့တာထွက်တဲ့ အမှိုက်ကို လာသိမ်းမယ်ဆိုပြီး အိတ် ၂ လုံးထားခဲ့တယ်။ အမှိုက်အစိုနဲ့ အခြောက် အတွက်ပေါ့။ အိမ်တစ်အိမ်ရဲ့ ၃ ရက်စာ အမှိုက်ထွက်လာတဲ့နှုန်းကို ချိန်ယူပြီးမှ ထပ်ပြီးခွဲဝေကြတာပါ” ဟု ၎င်းကဆိုသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် အမှိုက်ကန်များ လုံလောက်စွာမရှိခြင်းကြောင့် အမှိုက်စွန့်ပစ်ရာတွင် အခက်အခဲ ဖြစ်နေရသည့်အတွက် အမှိုက်နှင့်ပတ်သက်ပြီး လာရောက်စစ်တမ်းကောက်ယူနေမှုကို ကြိုဆိုကြောင်း မင်းဂံရပ်ကွက် အကွက်(၈)တွင် နေထိုင်သည့် မအေးလှကပြောသည်။

အမှိုက်စွန့်ပစ်မှု စစ်တမ်းကောက်ယူခြင်းကို စစ်တွေမြို့အပြင် အခြားမြို့နယ်များတွင်လည်း ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း Green Network - Sittwe မှ သိရသည်။

ယခုကဲ့သို့ စစ်တမ်းကောက်ယူခြင်းမှာ အမှိုက်နှင့်ပတ်သက်ပြီး ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုစနစ်တစ်ခု ဖြစ်လာစေရန်နှင့် ပိုမိုကောင်းမွန်သည့် ဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အာရုံစိုက်လာကြစေရန်အတွက်ဖြစ်ပြီး ရရှိလာမည့် သုတေသနစာတမ်းကို အာဏာပိုင်များ၊ INGO, NGO နှင့် ပြည်သူများသို့ ချပြသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Green Network - Sittwe ကို ၂၀၁၉ ခုနှစ် ဧပြီလတွင် အဖွဲ့ဝင် ၂၀ ကျော်ဖြင့် စတင်တည်ထောင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးကို အဓိက ဦးတည်လှုပ်ရှားနေသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

#I002

ဗီဒီယိုများ