လူဦးရေ ၈၀၀ နီးပါးရှိသည့် ဂဏန်းတောင် စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်နေ

ဂဏန်းတောင်စစ်ဘေးရှောင်စခန်းသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာအနီး စစ်တွေ-ရန်ကုန် ကားလမ်းမဘေးတွင် တည်ရှိပြီး စခန်းတည်ထားသည်မှား ၂ လကျော်သာ ရှိသေးသည်။ 

By Admin 18 Feb 2023

ဂဏန်းတောင်စစ်ဘေးရှောင်စခန်း လက်ရှိမြင်ကွင်းများ။
ဂဏန်းတောင်စစ်ဘေးရှောင်စခန်း လက်ရှိမြင်ကွင်းများ။

DMG ၊ ဖေဖော်ဝါရီ ၁၈

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဂဏန်းတောင် စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့ နေရသဖြင့် အရေးပေါ်အကူညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ 

ဂဏန်းတောင်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၇၈ စုနှင့် လူဦးရေ ၇၇၈ ဦးရှိပြီး ကူညီထောက်ပံ့မှုများ မရရှိသဖြင့် လက်ရှိတွင် စစ်ဘေးရှောင်အချင်းချင်း ချေးငှားပြီး စားသောက်နေရသည်ဟု စခန်းတာဝန်ခံ ကိုကျော်နိုင်က ပြောသည်။ 

“အိမ်တစ်အိမ်မှာ ဆန်သုံးပြည်ရှိရင် အဲဒီအထဲက နောက်တစ်အိမ်ကို ဆန်တစ်ပြည် ချေးပေးနေရတယ်။ အဲလိုမျိုးလှည့်ပတ်ပြီး စားနေကြရတယ်။ အရင်ကတော့ CSO အဖွဲ့တချို့က လှူခဲ့တာရှိတယ်။ အခုတော့ သူတို့လာမလှူတာ နှစ်လလောက်ရှိပြီ။ ဒီနေရာမှာ ကျပန်းအလုပ်အကိုင်တွေလည်း မရှိတော့ အလှူရှင်တွေကိုပဲ မျှော်နေရတယ်” ဟု သူက ပြောသည်။ 

ဂဏန်းတောင်စစ်ဘေးရှောင်စခန်းသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာအနီး စစ်တွေ-ရန်ကုန် ကားလမ်းမဘေးတွင် တည်ရှိသည်။ စခန်းတည်ထားသည်မှာလည်း ၂ လကျော်သာ ရှိသေးသည့်အတွက် အလှူရှင်များ လာရောက်လှူဒါန်းမှု နည်းပါးနေခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။

အဆိုပါစခန်းမှ စစ်ဘေးရှောင်များမှာ ကျောက်တော်မြို့နယ်အတွင်းက ချောင်းတူ၊ ရွက်ညိုးတောင်၊ ကွမ်းအုံစု ကျေးရွာအပါအဝင် ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာတို့မှဖြစ်ပြီး ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်သည်။

“ကျမတို့ အကူအညီတွေ တကယ်လိုအပ်နေပါတယ်။ အစိုးရဆီကလည်း ဒီစခန်းကိုထောက်ပံ့မှု တစ်ခုမှမရှိဘူး။ ပြည်သူအပေါ်မှာ တာဝန်မဲ့တဲ့ လုပ်ရပ်လို့မြင်တယ်။ တကယ်ဆိုရင် ကျမတို့ အခုလိုထွက်ပြေးနေရတာ အဲဒီစစ်တပ်က ရွာထဲကို လက်နက်ကြီးတွေ ပစ်လို့လေ။ အခုဆိုရင် စခန်းမှာ ကျန်းမာရေးကအစ စားဝတ်နေရေး အကုန်လုံး အခက်အခဲနဲ့ကြုံနေရတယ်” ဟု ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှ စစ်ဘေးရှောင် ဒေါ်ဌေးဌေးရီက ပြောသည်။

စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည့် စစ်ဘေးရှောင်များမှာ ဝင်ငွေရရှိဖို့အတွက် တောတောင်များတွင် ထင်းခုတ်၊ ဟင်းရှာ၊ငါးရှာသွားမည်ဆိုပါကလည်း မိုင်းအန္တရာယ်ကို စိုးရိမ်ရသဖြင့် ပို၍အခက်ကြုံရကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။

“ကိုယ့်ဟာကိုယ်ရှာစားဖို့အတွက် တောတောင်တွေကိုသွားဖို့ကလည်း မိုင်းနင်းမိမှာကို ကြောက်နေရတယ်။ ဆန်တောင်မရှိဘူးဆိုတော့ တစ်နေ့တာထမင်းကို ငါးနဲ့စားရဖို့မပြောနဲ့ ကန်စွန်း၊ ချဉ်ပေါင်နဲ့ပဲ အသက်မသေရုံစားသောက်နေရတာ” ဟု ချောင်းတူကျေးရွာမှ စစ်ဘေးရှောင် ဒေါ်သန်းနုက  ပြောသည်။ 

အလှူရှင်များ လာရောက်လှူဒါန်းမှုမရှိသည့်အတွက် စစ်ဘေးရှောင်များအနေဖြင့် အလုပ်အကိုင်များရရှိရန် လိုအပ်နေပြီး အမျိုးသမီးစစ်ဘေးရှောင်များအတွက် အိမ်တွင်းသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖန်တီးပေးရန် လိုအပ်နေသည်ဟုလည်း ဒေါ်သန်းနုက ဆက်ပြောသည်။ 

လက်ရှိတွင် ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များမှာ အာဏာပိုင်များ၏ စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးမှုများကို ပုံမှန်မရရှိခြင်း၊ လူမှုအဖွဲ့အစည်းများ၏ ထောက်ပံ့မှုများမှာလည်း လျော့နည်းလာနေသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရသည်။ 

ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံများထဲမှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ကိုးသောင်းနီးပါးရှိသေးကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) မှ ထုတ်ပြန်ထားသည်။ 

#R005

ဗီဒီယိုများ