- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
တိုက်ပွဲအတွင်းပျက်စီးခဲ့သည့် ရခိုင်က အထင်ကရ ဘုရားစေတီများကို ပြုပြင်ရန်ခက်ခဲနေ
ရခိုင်ပြည်တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်မှုအပါအဝင် တပ်စွဲနေထိုင်မှုကြောင့် ပျက်စီးခဲ့ရသည့် အထင်ကရ ဘုရားပုထိုး၊ စေတီများကို ပြန်လည်ပြုပြင်ရန် အခက်အခဲ ရှိနေကြောင်း သိရသည်။
04 Dec 2024

DMG ၊ ဒီဇင်ဘာ ၄
ရခိုင်ပြည်တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်မှုအပါအဝင် တပ်စွဲနေထိုင်မှုကြောင့် ပျက်စီးခဲ့ရသည့် အထင်ကရ ဘုရားပုထိုး၊ စေတီများကို ပြန်လည်ပြုပြင်ရန် အခက်အခဲ ရှိနေကြောင်း သိရသည်။
ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ ရမ်းဗြဲ မြို့နယ်တို့တွင် တိုက်ပွဲအတွင်း ပျက်စီးခဲ့ရသည့် ဘုရားပုထိုးစေတီများကို ငွေကြေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ပြုပြင်ရန် ခက်ခဲနေကြသည်။
“သန့်ရှင်းရေးလုပ်တဲ့ အဆင့်လောက်ပဲ လုပ်နိုင်သေးတယ်။ ပြုပြင်ဖို့က ငွေကြေးရော၊ ဆောက်လုပ်ရေး ပစ္စည်းရော လုံလုံလောက်လောက် မရှိသေးဘူး” ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။
ကျောက်တော်မြို့ရှိ သမိုင်းဝင် သေလာဂီရိမောရပဗ္ဗတတောင်နှင့် မဟာမုနိဘုရားတွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်မှုကြောင့် တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။
ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်မှ ဦးရာဇ်တောင်စေတီနှင့် ဂူဝဘုရား၊ မြောက်ဦးမြို့နယ်မှ သင်းကျစ်တော်စေတီ၊ လင်းမြွေတောင်ဘုရား၊ ရွှေတောင်၊ နန်းရာကုန်း၊ ဘူးသီးတောင်မြို့နယ်မှ သုံးဆယ့်တစ်ပုံစေတီ၊ ရမ်းဗြဲမြို့မှ သိမ်တောင်ဘုရားကုန်းနှင့် အောင်စေတီဘုရားကုန်းတို့မှာလည်း တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့ရသည်။
“ပုဏ္ဏားကျွန်းမှာဆိုရင် ဦးရာဇ်တောင်စေတီပေါ့ဗျာ။ စစ်ကောင်စီပစ်လိုက်တဲ့ လက်နက်ကြီးက စေတီတည့်တည့်ကျတာ။ ဂူဝဘုရားမှာလည်း အဲဒီလိုပဲ။ ပျက်စီးသွားတာတွေကို ပြန်ပြီး ပြုပြင်နိုင်တာတွေတော့ မရှိသေးဘူး” ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အလားတူ မြောက်ဦးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်အပါအဝင် သာသနိကအဆောက်အအုံအချို့မှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်က စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်။
ပျက်စီးသွားသည့် ဘုရားပုထိုး၊ စေတီများကို အချိန်မီ ပြုပြင်ထိန်းသိမ်းရန် အကူညီများ လိုအပ်နေကြောင်း ပြောဆိုကြသည်။
“ဒီလို သမိုင်းဝင်ဘုရားတွေ ပျက်စီးသွားတာတွေအတွက် စိတ်မကောင်းဖြစ်ရတယ်။ ကျမတို့မျိုးဆက်အဆင့်ဆင့် သေချာထိမ်းသိန်းသင့်တာကို အခုတော့ ကျမတို့ မျက်စိရှေ့မှာတင် ပျက်စီးသွားတယ်။ ပြန်ပြင်လို့ ရရင်တောင် မူလလက်ရာအတိုင်းရဖို့က မလွယ်ကူဘူး” လူမှုရေးတက်ကြွလှုပ်ရှားသူ ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်တွင် တိုက်ပွဲတစ်နှစ်တာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသော ဘာသာရေးအဆောက်အုံပေါင်း ၇၃ ခုရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ စာရင်းအရ သိရသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စသည့် တတိယအကြိမ်ရခိုင်တိုက်ပွဲအတွင်း ဘူးသီးတောင်၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ သံတွဲမြို့နယ်တို့ကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်ထားသည်။