ကျောက်တော်က မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးလိုက်ရသူ ဆေးကုသရန် အကူအညီများ လိုအပ်နေ 

ဦးဇော်မိုးလွင် (ခ) မောင်ချောမှာ ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရွာအနီးရှိတောင်ပေါ်သို့ အဖော်တစ်ဦးနှင့်အတူ ထင်းခုတ်ရန်သွားစဉ် မိုင်းနင်မိခဲ့သဖြင့် ညာဘက်ခြေထောက် ပြတ်ထွက်သွားခဲ့ပြီး ခန္ဓာကိုယ်အနှံ့အပြားတွင်လည်း ဒဏ်ရာများရရှိသွားခဲ့သည်။ 

By Admin 16 Feb 2023

ကျောက်တော်က မိုင်းနင်းမိ၍ ခြေတစ်ဖက်ဆုံးရှုံးလိုက်ရသူ ဆေးကုသရန် အကူအညီများ လိုအပ်နေ 

DMG ၊ ဖေဖော်ဝါရီ ၁၆

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာမှ မိုင်းနင်မိ၍ ညာဘက်ခြေတစ်ဖက် ဆုံးရှုံးလိုက်ရသည့် အမျိုးသားမှာ ငွေကြေးအခက်အခဲရှိနေသဖြင့် ဆေးကုသရန် အကူအညီများ လိုအပ်နေကြောင်း သိရသည်။ 

အသက် ၄၃ နှစ်အရွယ် ဦးဇော်မိုးလွင် (ခ) မောင်ချောမှာ ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရွာအနီးရှိတောင်ပေါ်သို့ အဖော်တစ်ဦးနှင့်အတူ ထင်းခုတ်ရန်သွားစဉ် မိုင်းနင်မိခဲ့သဖြင့် ညာဘက်ခြေထောက် ပြတ်ထွက်သွားခဲ့ပြီး ခန္ဓာကိုယ်အနှံ့အပြားတွင်လည်း ဒဏ်ရာများရရှိသွားခဲ့သည်။ 

လက်ရှိမှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူလျက်ရှိပြီး ဒဏ်ရာခြေအနေ ပြင်းထန်သောကြောင့် အချိန်ကြာမြင့်စွာ ကုသမှုခံယူရမည်ဖြစ်၍ ဆေးကုသစရိတ် အခက်အခဲရှိနေသည်ဟု အစ်မဖြစ်သူ ဒေါ်မြရီက ပြောသည်။ 

“အခုငွေတစ်သိန်းပဲရှိတယ်။ အဲဒီငွေတစ်သိန်းတောင်မှ ပရဟိတအဖွဲ့တစ်ခုက ပေးထားတာ။ ကျမတို့မှာရော သူ့(ဦးဇော်မိုးလွင်) မှာရော ဆင်းရဲလို့ လက်လုပ်လက်စား လုပ်ကိုင်စားသောက်နေရတာ။ အခုလို ဖြစ်သွားတော့ ဘယ်ကပိုက်ဆံနဲ့ ဆေးကုရမလဲ မသိတော့ဘူး။ ဖြစ်နိုင်ရင်တော့ အကူညီတွေရချင်တယ်လို့ တောင်းဆိုချင်ပါတယ်” ဟု ဒေါ်မြရီက ပြောသည်။

ရခိုင်တွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းတို့ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများမှာ ဘဝရပ်တည်ရေးအတွက် စိန်ခေါ်မှုများစွာရှိနေကြသည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ လက်ရှိအချိန်ထိ မိုင်းထိပြည်သူတစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် လူဦးရေ စုစုပေါင်း ၆၉၂ ဦးအတွက် ငွေကျပ် ၁၃၈,၄ဝဝ,ဝဝဝ ထောက်ပံ့ပေးထားကြောင်း စစ်ကောင်စီ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ပြောကြားထားကြောင်း စစ်ကောင်စီပိုင်သတင်းစာတွင် ဖော်ပြခဲ့သည်။ 

မိုင်းထိလူနာများကို ယခင်အစိုးရလက်ထက်တွင် ငွေကျပ် ၂ သိန်းခန့် ထောက်ပံ့မှုတချို့ရှိခဲ့သော်လည်း လူတိုင်းမရရှိခဲ့ကြပေ။ လက်ရှိ စစ်ကောင်စီလက်ထက်မှာတော့ ထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိကြောင်း ကာယကံရှင်များက ပြောဆိုကြသည်။ 

“ထောက်ပံ့တာဆိုရင် အဖွဲ့အစည်းတစ်ခုကတော့ စားရေးသောက်ရေး အဆင်ပြေအောင်ဆိုပြီး ထောက်ပံ့တာရှိတယ်။ အဲဒီအထောက်အပံ့လေးနဲ့ ရွာမှာ ကုန်စုံဆိုင်လေးတစ်ခု ဖွင့်ထားတယ်။ အဲဒါနဲ့ပဲ စားသောက်နေရတယ်” ဟု ကျောက်တော်မြို့နယ်၊ ငှက်ပျောချောင်းကျေးရွာမှ မိုင်းထိ၍ ဘယ်ဘက်ခြေထောက်ပြတ်သွားသည့် ဒေါ်အေးမြက ပြောသည်။ 

မိုင်းထိလူနာများအတွက် ကူညီထောက်ပံ့မှုများ နည်းပါးလာခြင်းကြောင့် ပြည်လည်ထူထောင်ရေး လုပ်ငန်းများကို ပြည်တွင်းပြည်ပရှိ ရခိုင်လူမှုရေးအသိုင်းအဝိုင်းများမှ ပံ့ပိုးကူညီမှုများပြုလုပ်ပေးရန် လိုအပ်လာနေကြောင်း လူမှုအဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။ 

“မိုင်းထိတဲ့လူနာတွေဟာ တောသူတောင်သားတွေ ဖြစ်ကြပါတယ်။ ပင်ကိုယ်အားဖြင့် သူတို့ဟာ ဆင်းရဲနွမ်းပါးကြပါတယ်။ ဒီကြားထဲ မိုင်းထိမှုကြောင့် ကိုယ်လက်အင်္ဂါ မစုံတဲ့ဘဝကို ရောက်သွားကြရတယ်။ ဒီလူတွေအပေါ်မှာ လူမှုအဖွဲ့အစည်းတွေကပဲဖြစ်ဖြစ်၊ INGO, NGO တွေကပဲ ဖြစ်ဖြစ်၊ အစိုးရကပဲဖြစ်ဖြစ် အလေးအနက်ထားပြီး ကူညီမှုတွေလုပ်ပေးဖို့ လိုအပ်နေပါတယ်” ဟု လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသူ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

လက်ရှိမှာ ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ အပစ်အခတ်ရပ်စဲထားသည်မှာ ၃ လခန့် ကြာမြင့်လာခဲ့ပြီဖြစ်သည်။ တိုက်ပွဲရပ်တန့်ခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ အထိ မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃ ဦးအထိရှိကြောင်း DMG မှ ကောက်ယူထားသောစာရင်းအရ သိရသည်။

#I008

ဗီဒီယိုများ