ရခိုင်က လေအားလျှပ်စစ်စီမံကိန်း ဂွမြို့နယ်တွင် စတင်ပြင်ဆင်

ရခိုင်တွင် တရုတ်နှင့် စစ်ကောင်စီတို့ ပူးပေါင်းလုပ်ဆောင်မည့် လေအားလျှပ်စစ်စီမံကိန်းအတွက် ကနဉီးအနေဖြင့် ဂွမြို့နယ်တွင် တည်ဆောက်ရန် ပြင်ဆင်မှုအချို့ ရှိလာသည်။  

By Admin 14 Mar 2023

DMG၊ မတ် ၁၄

ရခိုင်တွင် တရုတ်နှင့် စစ်ကောင်စီတို့ ပူးပေါင်းလုပ်ဆောင်မည့် လေအားလျှပ်စစ်စီမံကိန်း အတွက် ကနဉီးအနေဖြင့် ဂွမြို့နယ်တွင် အကောင်အထည်ဖော် တည်ဆောက်ရန် ပြင်ဆင်မှုအချို့ ရှိလာနေကြောင်း သိရသည်။  

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းနှင့် စီမံကိန်းတာဝန်ရှိသူအဖွဲ့တို့သည် လေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဂွမြို့သို့ရောက်ရှိခဲ့ကာ တည်ဆောက်မည့် နေရာများကို လိုက်လံရှာဖွေခဲ့သည်။

ဂွမြို့ခံ တက်ကြွလှုပ်ရှားသူတစ်ဦးက  “ဝန်ကြီးတွေအဖွဲ့ ရခိုင်ရိုးမတောင်တန်းက ချင်းလူမျိုးတွေ နေထိုင်တဲ့ ဒေါင့်ချောင်းကျေးရွာဘက်မှာ ဒီလေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီး မြေပြင်ကွင်းဆင်း သွားရောက်ခဲ့တယ်။ အသေးစိတ်အချက်တွေ အတိကျတော့ ကျနော်တို့ ဘာမှ မသိရပါဘူး” ဟု ဆိုသည်။

သက်ဆိုင်ရာအဖွဲ့ သွားရောက်ခဲ့သည့် နေရာမှာ ဂွမြို့အရှေ့ဘက် ၅ မိုင်အကွာတွင်ရှိပြီး လေအားလျှပ်စစ်တာဝါတိုင်အား လေကာတောင်တွင် တည်ဆောက်ရန်အတွက် စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ဂွ လေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား အမြန်ဆုံးထုတ်လုပ်နိုင်ရန် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ အဆင့်မြင့်တင်ခြင်း၊ ယင်းစီမံကိန်းမှ စက်အင်အား ၁၀၀ မဂ္ဂါဝပ်နှင့် ဓာတ်အား ၂၂၇.၇ ကီလိုဝပ် နာရီသန်း ပေါင်းများစွာပေးနိုင်ရန် ဆောင်ရွက်မည်ဟု ဝန်ကြီးနှင့်အဖွဲ့က ပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ရခိုင်ပြည်နယ် စစ်ကောင်စီ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းကို DMG က ဆက်သွယ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးကိုသာ မေးမြန်းရန် တုန့်ပြန်ခဲ့သည်။

လေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ စီမံကိန်းတာဝန်ရှိသူများအနေဖြင့် စီမံကိန်း၏ အကျိုးသက်ရောက်မှု၊ ကောင်းကျိုး/ဆိုးကျိုးများကို ဒေသခံများအား ရှင်းပြရန် လိုအပ်ကြောင်း ပြောဆိုမှုများ ရှိနေသည်။

“စီမံကိန်း လုပ်လိုရှိရင်တော့ အားနည်းချက်ရှိသလို အားသာချက်လည်း ရှိတာပေါ့။ အားသာချက် တစ်ခုအနေနဲ့တော့  လျှပ်စစ်တွေ ဖူဖူလုံလုံ ရသွားနိုင်တယ်။ အားနည်းချက်ကတော့ ကျေးရွာတွေ ပြောင်းရွေ့သွားရမယ်။ လယ်ယာမြေတွေ၊ တောတောင်တွေ ဆုံးရှုးမယ်ပေါ့။ အဲဒီအနီးနားက ငါးသားဖောက်စခန်းတွေ ပြောင်းရွေ့သွားရမယ်။ သဘာဝပတ်ဝန်းကျင်အရ ကြည့်မယ်ဆိုရင်လည်း ပျက်စီးလာနိုင်တဲ့အတွက် သေသေချာချာ လုပ်ပေးဖို့ လိုပါတယ်” ဟု ဂွဒေသခံ ကိုသားကြီးက ပြောသည်။

ရခိုင်တွင် လေအားလျှပ်စစ်စီမံကိန်းကို အမ်း၊ သံတွဲ၊ ဂွမြို့နယ် ၃ နေရာ တို့တွင် တည်ဆောက်မည်ဖြစ်ပြီး တရုတ်ကုမ္ပဏီတို့နှင့် စစ်ကောင်စီ လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းအထဲမှ ဂွစီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ 

စာချုပ်ပါ သဘောတူညီချက်အရ အမ်းမြို့နယ်တွင် လေအားလျှပ်စစ် ၁၅၀ မဂ္ဂါဝပ်၊ သံတွဲတွင် ၁၁၀ မဂ္ဂါဝပ်နှင့် ဂွမြို့နယ်တွင် ၁၀၀ မဂ္ဂါဝပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လေအားလျှပ်စစ်စီမံကိန်းမှာ တရုတ်နိုင်ငံအတွက်သာ အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ဒေသခံများအတွက် အကျိုးရှိ/မရှိကို စောင့်ကြည့်ရမည်ဟု ရခိုင်ဒေသခံတချို့က သုံးသပ်နေကြသည်။

#R010

ဗီဒီယိုများ