စစ်ကောင်စီ မိုင်းကြောင့် မင်းပြားမြို့ခံတစ်ဦး ပြင်းထန်ဒဏ်ရာရ 

ရခိုင်ပြည်၊ မင်းပြားမြို့တွင် စစ်ကောင်စီတပ်သားများ ထောင်ထားသည့်မိုင်းကိုနင်းမိ၍ ဒီဇင်ဘာလ ၂၅ ရက်နေ့က အရပ်သားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

By Admin 26 Dec 2023

မိုင်းနင်းမိ၍ ဒဏ်ရာရရှိသွားသည့် ဦးကိုချင်း။ ဓာတ်ပုံ - APM
မိုင်းနင်းမိ၍ ဒဏ်ရာရရှိသွားသည့် ဦးကိုချင်း။ ဓာတ်ပုံ - APM

ဒဏ်ရာရရှိသူမှာ မင်းပြားမြို့၊ အောက်ရွာပိုင်းရပ်ကွက်မှ အသက် (၄၀)အရွယ် ချင်းအမျိုးသား ဦးကိုချင်းဖြစ်ပြီး သိင်္ဂုတ္တရကျောင်းသစ်အထက် ကျိန်းတောင်တက်လမ်းတွင် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ 

“သူက စိတ်မနှံ့ဘူး။ ဟိုနေရာသွား ဒီနေရာသွား အဲလိုလျှောက်သွားနေတာ။ အဲဒီလိုသွားရင်းနဲ့ မိုင်းနင်းမိခဲ့တာ။ ဒဏ်ရာကတော့ တော်တော်ပြင်းတယ်။ ခြေထောက်နှစ်ဖက်စလုံးပြတ်သွားတာ” ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

လက်ရှိမှာ မင်းပြားဆေးရုံတွင် ဆေးကုသခံယူနေပြီး ယမ်းဖြေဆေးမရှိသဖြင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဆေးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။  
မင်းပြားမြို့ရှိ ကျိန်းတောင်ပေါ်တွင် စစ်ကောင်စီက ၂၀၁၉ ခုနှစ်မှစ၍ လက်ရှိအချိန်ထိ တပ်စွဲနေထိုင်လျက်ရှိသည်။

ဒီဇင်ဘာလ ၁၅ ရက်ကလည်း မင်းပြားမြို့ မြို့မရဲစခန်းအနီး မိုင်းနင်းမိ၍ ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး လက်ရှိအချိန်ထိ မင်းပြားဆေးရုံတွင် ဆေးကုသနေရသည်။

မြေပုံမြို့နယ်တွင်လည်း ဒီဇင်ဘာ ၁၉ ရက်က ဝက်ရူးကျေးရွာမှ ဒေသခံနှစ်ဦး ငါးရှာရန်သွားစဉ် ယောချောင်းတံတားအနီး မိုင်းနင်းမိ၍ တစ်ဦးမှာ ဘယ်ဘက်ခြေပြတ်သွားပြီး နောက်တစ်ဦးမှာ မျက်လုံးနှစ်ဖက်လုံး မိုင်းစထိမှန်သွားခဲ့သည်။  

ရခိုင်တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လက်နက်ကြီး/ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုအပြင် မြေမြုပ်မိုင်းအန္တရာယ်ကြောင့်လည်း အရပ်သားသေဆုံးဒဏ်ရာရရှိမှု တိုးလာသဖြင့် ဒေသခံများမှာ အဘက်ဘက်၌ စိုးရိမ်ကြောက်လန့်နေကြသည်။ 

“အခုက မြို့ထက်မှာလည်း မိုင်းနင်းပြီး ဒဏ်ရာရသူတွေရှိလာတယ်။ ဒီလိုဖြစ်ရပ်တွေ တစ်ခါမှမကြားဖူးဘူး။ ပြီးတော့ မပေါက်ကွဲဘဲကျန်နေတဲ့ လက်နက်ကြီးကျည်တွေလည်း ရှိနေတယ်။ ကလေးတွေအတွက် အန္တရာယ်ဖြစ်မှာ စိုးရိမ်နေရတယ်” ဟု မင်းပြားမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေများ၌ မိုင်းနှင့်စစ်ကျန်လက်များကြောင့် အရပ်သားထိခိုက်သေဆုံးမှုများများ မကြာခဏရှိနေပြီး ကလေးငယ်များမှာ အထိခိုက်အလွယ်ဆုံးဖြစ်ကာ ပေါက်ကွဲခြင်းအကျိုးသက်ရောက်မှု ဒဏ်ကိုလည်း လူကြီးများထက် ပိုမိုခံစားရသဖြင့် သေဆုံးဒဏ်ရာရရှိမှု ပိုများသည်။

ဗီဒီယိုများ