သုံးနှစ်ခန့်ချုပ်နှောင်ခံထားရသည့် လက္ကာရွာသားများအမှု အမိန့်ချရန်ကြန့်ကြာနေ

ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်ပြီး သုံးနှစ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်အမှုကို ယနေ့(ဇန်နဝါရီ ၂၅ ရက်)တွင် အမိန့်ချမှတ်ရန် ရုံးချိန်းသတ်မှတ်ထားသော်လည်း အမိန့်မချမှတ်ဘဲ ရက်ရွှေ့ဆိုင်းလိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။

By DMG 25 Jan 2022

DMG ၊ ဇန်နဝါရီ ၂၅

ရက္ခိုင့်တပ်တော်(AA)နှင့်ပတ်သက်ပြီး သုံးနှစ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်အမှုကို ယနေ့(ဇန်နဝါရီ ၂၅ ရက်)တွင် အမိန့်ချမှတ်ရန် ရုံးချိန်းသတ်မှတ်ထားသော်လည်း အမိန့်မချမှတ်ဘဲ ရက်ရွှေ့ဆိုင်းလိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။

အဆိုပါအမှုတွင် တရားလိုပြသက်သေများနှင့် တရားခံပြသက်သေများအပါအဝင် အားလုံးကိုစစ်ဆေးပြီးစီးသွားပြီဖြစ်သဖြင့် အမိန့်ချမှတ်ရန် ရုံးချိန်းမြောက်များစွာချိန်းဆိုခဲ့ပြီဖြစ်သည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်အမိန့်ချမှတ်ရန် ရက်ရွှေ့ဆိုင်းနေသည်။

မည်သည့်အတွက်ကြောင့်အမိန့်မချဘဲ ရုံးချိန်းရွေ့ဆိုင်းနေသည်ကိုမူ တရားရုံးဘက်က ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ လာမည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်သာ အပြီးသတ်အမိန့်ချမှတ်မည်ဟု ထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်စစ်မင်းကပြောသည်။

“တရားရုံးက ဘာကြောင့်လဲဆိုတာကိုတော့ မပြောလိုက်ဘူး။ တရားရုံးမှာ သူတို့မှာလည်းစီရင်ချက်တွေ အများကြီးရှိတာလည်းဖြစ်နိုင်တယ်။ အမှုကြန့်ကြာနေတာကတော့ မကောင်းဘူးပေါ့နော်။ ကျနော်တို့အနေနဲ့လည်း သဘောမကျဘူး။ နိုင်ငံရေးအခြေနေကြောင့်လည်း (အမိန့်မချမှတ်တာ)ဖြစ်နိုင်တယ်။ သဲသဲကွဲကွဲပြောဖို့အတွက်လည်းခက်ခဲတယ်”ဟု ၎င်းကဆိုသည်။

ယနေ့ရုံးချိန်းသို့ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်နှစ်ဦးသာ ရောက်ရှိလာသည်။ တခြားမိသားစုဝင်များမှာ ရုံးချိန်းပေါင်းမြောက်များစွာကို တက်ရောက်ခဲ့ကြသဖြင့် ငွေကြေးအခက်အခဲရှိသောကြောင့် ယနေ့ရုံးချိန်းသို့ မလာရောက်နိုင်ကြပေ။

ယခုကဲ့သို့ အပြီးသတ်အမိန့်မချဘဲ ရုံးချိန်းရက်ရွှေ့ဆိုင်းနေခြင်းမှာ မိသားစုဝင်များအတွက် ငွေကြေးပိုင်းအရ အခက်အခဲဖြစ်သလို ယခုလုပ်ရပ်ကိုလည်း အယုံအကြည်မရှိတော့ဟု ဖမ်းဆီးခံရသူ ဦးလှတင်နု၏ညီမဖြစ်သူ ဒေါ်ဖြူမဦးကပြောသည်။

“အမိန့်ချမဲ့နေ့ရက်တွေကို ဟိုရက်ရွှေ့ဆိုင်း၊ ဒီရက်ရွှေ့ဆိုင်းလုပ်နေတော့ ကျမတို့မှာအခက်အခဲအများကြီးဖြစ်တယ်။ သွားရ လာရတာ ငွေကြေးပိုင်းကော၊ လူအင်အားပိုင်းကော အခက်အခဲဖြစ်တယ်။ ငွေကြေးမရှိတဲ့အတွက် မလာနိုတဲ့မိသားစုတွေလည်း အများကြီးရှိတယ်။ အခုကျမတို့လာဖို့အတွက်တောင် ပိုက်ဆံတွေစုကောက်ခံပြီးတော့ လာရတာပါ“ဟု ၎င်းကဆိုသည်။

၎င်းတို့ကို အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုနေသည်မှာ ၁၀ ကြိမ်ခန့်ရှိနေပြီဖြစ်ပြီး လက်ရှိအချိန်ထိ အမိန့်မချဘဲရုံးချိန်းများသာရွှေ့ဆိုင်းနေသဖြင့် စိတ်ပျက်မိသည်ဟု မိသားစုဝင်များကပြောဆိုကြသည်။

လက္ကာကျေးရွာသား ၂၃ ဦးမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက AA နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရကာ ၆၀/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊၅၀(ဈ)၊ ၅၂(က)၊ ၅၄၊ ရာကြီးအမှတ် ၂/၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နှင့် ၁၉၄၉ လက်နက်အရေးပေါ်(ယာယီ)ဥပဒေပုဒ်မ- ၂၁(က)တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့မှပယ်ဖျက်ပြီးနောက် AA နှင့်ပတ်သက်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရသူများ၊ AA တပ်ဖွဲ့ဝင်တစ်ချို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။ သို့သော်လည်း သုံးနှစ်ခန့်ကြာ ဖမ်းဆီးခံထားရသူလက္ကာရွာသားများမှာ လွတ်မြောက်မည့် စာရင်းတွင်ပါဝင်လာခြင်းမရှိသေးပါ။

AA နှင့်ပတ်သက်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရသူ စုစုပေါင်း ၁၁၀ ဦးခန့်ကို ဆက်လက်ဖမ်းဆီးတရားစွဲဆိုထားဆဲဟု စာရင်းပြုစုထားသည့် နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သည့် စာရေးဆရာဝေဟင်အောင်ထံမှ သိရသည်။

ဗီဒီယိုများ