တပ်ဖွဲ့ဝင်များ ကျဆုံးဒဏ်ရာရရှိခဲ့သည့်အပေါ် လိုအပ်သလို တုန့်ပြန်မည်ဟု AA ပြော

လိုင်ဇာဒေသရှိ ရက္ခိုင့်တပ်တော်တပ်စခန်းထဲသို့ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရာရှိနှင့်တပ်ဖွဲ့ဝင်အချို့ ကျဆုံးဒဏ်ရာရရှိခဲ့သည့်အပေါ် လိုအပ်သလိုတုန့်ပြန်သွားမည်ဟု AA ဘက်က ပြောသည်။

By Admin 29 Sep 2023

လုံခြုံရေးယူထားသည့် ရက္ခိုင့်တပ်တော် (AA) ၏ တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
လုံခြုံရေးယူထားသည့် ရက္ခိုင့်တပ်တော် (AA) ၏ တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၂၉

ကချင်ပြည်နယ်၊ လိုင်ဇာဒေသရှိ မုန်လိုင်ခမ်း ရက္ခိုင့်တပ်တော် (AA) တပ်စခန်းထဲသို့ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရာရှိနှင့် တပ်ဖွဲ့ဝင်အချို့ ကျဆုံးဒဏ်ရာရရှိခဲ့သည့်အပေါ် လိုအပ်သလို ပြန်လည်တုန့်ပြန်သွားမည်ဟု AA ဘက်က ပြောဆိုသည်။

ယမန်နေ့ (စက်တင်ဘာ ၂၈ ရက်) နံနက် ၁၀ နာရီခန့်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် AA မှ ဗိုလ်ကြီးအဆင့်အရာရှိတစ်ဦး ကျဆုံးခဲ့ပြီး တပ်သားတစ်ချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

AA ပြောခွင့်ရ ဦးခိုင်သုခက “အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရက္ခိုင့်တပ်တော် စစ်ရုံးချုပ်အနေနဲ့ လိုအပ်သလို လုပ်ဆောင်သွားဖို့ရှိတယ်။ ဘယ်လို လုပ်ဆောင်မယ်ဆိုတာကိုတော့ ကျနော်ဆီကို တစ်စုံတစ်ရာ ရုံးချုပ်က ပြောဆိုလာတာတော့ မရှိသေးပါဘူး” ဟု DMG ကို ပြောသည်။

စစ်ကောင်စီတပ် အခြေပြုထားသည့် ခါယာတောကြော တပ်စခန်းကနေ ၁၂၀ မမ လက်နက်ကြီးဖြင့် AA  တပ်စခန်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်အတိအကျကို  ဦးခိုင်သုခက ပြောဆိုခြင်း မရှိပေ။

လက်ရှိ ရခိုင်ဒေသတွင် နှစ်ဘက်နားလည်မှုဖြင့်အပစ်ရပ်ထား၍ စစ်ရေးတည်ငြိမ်နေသည့် အခြေအနေတွင် စစ်ကောင်စီ၏ လိုင်ဇာပစ်ခတ်မှုလုပ်ရပ်မှာ ယုံကြည်မှုကို ပျက်ပြားစေနိုင်ကြောင်း ပြောဆိုကြသည်။

“မကြာသေးခင်ကလည်း စစ်ကောင်စီက ရခိုင်ကမ်းရိုးတန်းမှာ စစ်ရေးလေ့ကျင်မှုတွေ ပြုလုပ်တာရှိတယ်။ အခု လိုင်ဇာမှာ လက်နက်ကြီးပစ်တဲ့ကိစ္စ၊ ဒီကိစ္စတွေဟာ ယုံကြည်မှုကို ပျက်ပြားစေတယ်။ ဆိုတော့ ဒီလိုအနေအထားမှာ စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နိုင်သလားဆိုတော့ ကျနော်အနေနဲ့တော့ ရှိတယ်လို့ပဲ သုံးသပ်ပါတယ်” ဟု ရခိုင်က နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးအောင်သောင်းရွှေက ပြောသည်။

လက်ရှိ ဗန်းမော်နှင့် လိုင်ဇာမြို့ အနီးတစ်ဝိုက်တို့တွင် စစ်ကြောင်းထိုးတိုက်ခတ်နေသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် (AA) အနေဖြင့် KIA နှင့်အတူ ဝင်ရောက်တိုက်ခိုက်နေသည့်အပေါ် စစ်ကောင်စီက မကျေနပ်၍ တုန့်ပြန်တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

အခြားတစ်ဘက်တွင်လည်း ယင်းတိုက်ပွဲအပေါ်မူတည်၍ AA ဘက်က စစ်မျက်နှာ ပြောင်းလဲဖွင့်လာ နိုင်ကြောင်းလည်း မြန်မာ့နိုင်ငံရေးအကဲခတ်တို့က မှတ်ချက်ပေးနေကြသည်။

“တစ်ဘက်က စစ်ရေးအရှိန်အဟုန် မြှင့်လာလို့ရှိရင် မုတ်ချ ရခိုင်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားပြီးတော့ ဒီရခိုင်စစ်မျက်နှာမှာ ဒီနွေဦးတော်လှန်ရေးရဲ့ အစိတ်အပိုင်းအဖြစ်နဲ့ ရခိုင်လည်း ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်” ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။

ပြီခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် KNLA ဒေသရှိ AA စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် AA တပ်သား ၆ ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်ကို လက်တုန့်ပြန်သည့်အနေဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် ရခိုင်ပြည် မောင်တောမြို့နယ်၊ ဆောင်ပညာရွာ စံကားပင်ရင်းရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုကို AA က တိုက်ခိုက်ကာ တပ်ဖွဲ့ဝင် ၁၄ ဦးကို AA က ဖမ်းဆီးခဲ့သည်။

အလားတူ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က KIA ဌာနချုပ် လိုင်ဇာအနီးရှိ ဗိုလ်လောင်းသင်တန်းကျောင်း တစ်ခုကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့သည့်ဖြစ်စဉ်တွင် AA မှ ဗိုလ်လောင်း ၈ ဦး ပါဝင်ခဲ့သည်။

#I008

ဗီဒီယိုများ