စစ်ကောင်စီနှင့်တွေ့ဆုံရာတွင် အချင်းချင်း ယုံကြည်မှု ခြေလှမ်းများရရှိခဲ့ကြောင်း EAO (၇) ဖွဲ့ ပြော

စစ်ကောင်စီနှင့် NCA ရေးထိုးထားသည့် EAOs (၇) ဖွဲ့တို့ ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်အပြန်အလှန် နားလည်နိုင်သည့် ယုံကြည်မှု ခြေလှမ်းများရရှိခဲ့ကြောင်း တွေ့ဆုံခဲ့သူများက ပြောဆိုကြသည်။

By Admin 04 Apr 2023

NCA  (၇) ဖွဲ့နှင့် စစ်ကောင်စီတို့ အလွတ်သဘော တွေ့ဆုံမှုအပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးမှု။ ဓာတ်ပုံ - NCA-S EAO
NCA  (၇) ဖွဲ့နှင့် စစ်ကောင်စီတို့ အလွတ်သဘော တွေ့ဆုံမှုအပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးမှု။ ဓာတ်ပုံ - NCA-S EAO

DMG ၊ ဧပြီ ၄ 

စစ်ကောင်စီနှင့် NCA ရေးထိုးထားသည့် EAOs (၇) ဖွဲ့တို့ ပြီးခဲ့သည့်ရက်ပိုင်းက တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်အပြန်အလှန် နားလည်နိုင်သည့် ယုံကြည်မှု ခြေလှမ်းများရရှိခဲ့ကြောင်း တွေ့ဆုံခဲ့သူများက ပြောဆိုကြသည်။

မတ်လ ၂၈၊ ၂၉ ရက်နေ့က နေပြည်တော်၌ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC မှ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် အဖွဲ့နှင့် EAOs (၇) ဖွဲ့မှ တာဝန်ရှိသူ  ၁၂ ဦးတို့ မြန်မာ့ငြိမ်းချမ်းရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အပစ်ရပ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က “မနှစ်ကတည်းက ဒီလို အလွတ်သဘောဆွေးနွေဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့တယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ အခုမှ ပထမဦးဆုံးအကြိမ် ဆွေးနွေးနိုင်ခဲ့တဲ့ အခင်းအကျင်းဖြစ်တယ်။ ကျနော့်အနေနဲ့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး နှစ်ဘက်စလုံးအတွက် အားတက်စရာလို့ ပြောရမလားပေါ့။ နှစ်ဘက်စလုံးအတွက် အဆင်ပြေပြေနဲ့ သွားနိုင်မယ့်အခြေနေလို့ ပြောလို့ရတယ်” ဟု ပြောသည်။

ဆွေးနွေးပွဲတွင် - သက်ဆိုင်သူအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ဆိုင်ရာကိစ္စ၊ ဖက်ဒရယ်အခြေခံမူများကိစ္စ၊ အရပ်သားကာကွယ်ပေးရေးကိစ္စ၊ ရွေးကောက်ပွဲကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ အခြေခံကျသောပုဒ်မကို ပြင်ဆင်နိုင်ရေး စသည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းများအား ကျော်လွှားနိုင်ရန်လည်း သက်ဆိုင်သူများ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်နိုင်ရေးအတွက် နိုင်ငံရေးအင်အားစုများဖြင့် လက်လှမ်းမီသလောက် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

သို့သော်လည်း မြန်မာနိုင်ငံတဝန်း စစ်ရေးပဋိပက္ခများ ပြင်းထန်နေသည့်အချိန် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ စစ်ကောင်စီအနေဖြင့် EAO (၇) ဖွဲ့ကို နိုင်ငံရေးအရ အသုံးချနေခြင်းသာဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တို့က ရှုမြင်ကြသည်။

“စစ်ကောင်စီက အသုံးချနေတာသာဖြစ်တယ်။ သူတို့နဲ့ဆွေးနွေးလို့ အဖြေမရနိုင်ဘူး။ သူတို့နဲ့ဆွေးနွေးလို့ရတဲ့ အဖြေကိုလည်း တခြားတိုင်းရင်းသားလက်နက်ကိုင်တွေက လက်ခံနိုင်တဲ့အဖြေမျိုး ရလာမှာမဟုတ်ဘူး။ ပြီးတော့ သူတို့ဆွေးနွေးလို့ရတဲ့ အဖြေမျိုးကလည်း စစ်ကောင်စီအတွက် အထောက်အကူဖြစ်မယ့်အဖြေမျိုးပဲ ဖြစ်လိမ့်မယ်” ဟု  နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် EAOs (၇) ဖွဲ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်း‌ရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့ဖြစ်သည်။

ယခင်ကလည်း စစ်ကောင်စီနှင့် အပစ်ရပ်အဖွဲ့တို့ကြား တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သည်။ သို့သော်လည်း ဆွေးနွေးမှုများကို တစ်စုံတစ်ရာ အကောင်အထည် မဖော်နိုင်သည့်အတွက် ၎င်းတို့တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်းရေးအတွက် အလုပ်မဖြစ်ကြောင်း မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က DMG ကို ပြောဆိုထားသည်။

လက်ရှိတွင် စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ပဲခူး၊ ချင်း၊ မွန်၊ ကရင်၊ ကယား (ကရင်နီ)၊ ကချင် စသည့်ဒေသမှ မြို့နယ် ၂၇ ခုတွင် စစ်အုပ်ချုပ်ရေးကြေညာထားပြီး စစ်ကောင်စီနှင့် EAOs၊ PDF ပူးပေါင်းအဖွဲ့များကြား လက်နက်ကိုင်တိုက်ပွဲများ ပြင်းထန်နေသည်။

စစ်ကောင်စီသည် ၎င်းတို့နှင့် တိုက်ပွဲများဖြစ်ပွားနေသော အခြားအင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးနိုင်ခြင်းမရှိသေးဘဲ၊ အပစ်ရပ်အဖွဲ့များနှင့်သာ ဆွေးနွေးနေမှုမှာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အထောက်အကူမပြုနိုင်ဘဲ ဟန်ပြသာဖြစ်နေကြောင်းလည်း နိုင်ငံရေးသမားတို့က ဝေဖန်နေကြသည်။

#R005

ဗီဒီယိုများ