- လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- ကျောက်ဖြူ စစ်ကောင်စီ တပ်ရင်းများကို AA က လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ
- ဇူလိုင်အရေးတော်ပုံမှသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအခန်းကဏ္ဍသစ်ဆီသို့
- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
ရခိုင်တွင် သုံးစွဲနေသည့် ပလတ်စတစ်အိတ် ၈၀ ရာခိုင်နှုန်းကို ပြည်မက တင်သွင်းနေရ
တစ်နှစ်လျှင် ဒေသတွင်း ပလတ်စတစ်အိတ်သုံးစွဲမှု အလေးချိန်ပေါင် ၂ သန်းခွဲခန့်ရှိသည့်အနက် စက်ရုံမှ တစ်နှစ်လျှင် ပလတ်စတစ် တန်ချိန်ပေါင် ၄ သိန်းခွဲခန့်သာ ထုတ်လုပ်နိုင်သေးသည်ဟု ရခိုင်က ပလတ်စတစ်လုပ်ငန်းရှင်များက ပြောသည်။
14 Jul 2023

DMG ၊ ဇူလိုင် ၁၄
ရခိုင်ပြည်အတွင်း နေ့စဉ်အသုံးပြုနေသော ပလတ်စတစ်အိတ် ၈၀ ရာခိုင်နှုန်းခန့်ကို ပြည်မဖက်က တင်သွင်းနေရပြီး ဒေသတွင်း ပလတ်စတစ်စက်ရုံများမှ ၂၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သေးကြောင်း သိရသည်။
တစ်နှစ်လျှင် ဒေသတွင်း ပလတ်စတစ်အိတ်သုံးစွဲမှု အလေးချိန်ပေါင် ၂ သန်းခွဲခန့်ရှိသည့်အနက် စက်ရုံမှ တစ်နှစ်လျှင် ပလတ်စတစ် တန်ချိန်ပေါင် ၄ သိန်းခွဲခန့်သာ ထုတ်လုပ်နိုင်သေးသည်ဟု ရခိုင်က ပလတ်စတစ်လုပ်ငန်းရှင်များက ပြောသည်။
ရခိုင်ပြည်က ထုတ်လုပ်သည့် ပလတ်စတစ်အိတ်များကို လိုင်ချီး၊ မီးနဂါး စသည့် စွန့်ပစ်ပလတ်စတစ် ဘူးခွံများအား ဝယ်ယူကာ ပလက်စတစ်အိတ်အဖြစ် ပြန်လည်ထုတ်လုပ်ခြင်းဖြစ်သည်။
“ပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းရာရောက်သလို ကိုယ့်ပြည်သူတွေကိုလည်း တတ်နိုင်သလောက် အလုပ်အကိုင် ဖန်တီးပေးရာ ရောက်တာပေါ့” ဟု စစ်တွေမြို့ရှိ Top ပလတ်စတစ်အိတ်စက်ရုံပိုင်ရှင် ဦးအောင်သန်းလှိုင်က ပြောသည်။
စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ Top ပလတ်စတစ်စက်ရုံ လည်ပတ်နေသည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ်ကာ လက်ရှိတွင် ဝန်ထမ်းအင်အား ၃၀ ခန့်ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိသည်။
ရခိုင်ပြည်အတွင်း ပလတ်စတစ်စက်ရုံ သုံးရုံရှိပြီး စစ်တွေမြို့နယ်တွင် နှစ်ရုံနှင့် မြောက်ဦးမြို့နယ်တွင် တစ်ရုံဖြစ်သည်။ စက်ရုံထုတ် ပလက်စတစ်အိတ်များကို စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ အဓိက တင်ပို့ရောင်းချကြသည်။
ဒေသထုတ် ပလက်စတစ်အိတ်များမှာ ပြည်မဘက်မှ တင်သွင်းသည့် ပလတ်စတစ်အိတ်များထက် ဈေးသက်သာမှု ရှိသည်ဟု ဝယ်ယူသုံးစွဲသူများက ပြောသည်။
“ရခိုင်ကထုတ်တဲ့ ပလတ်စတစ်အိတ်တွေက ဈေးလည်းသက်သာသလို အရည်အသွေးလည်း ကောင်းတာကြောင့် ကိုယ့်ဒေသထုတ်ကုန်ကိုပဲ ဦးစားပေးသုံးဖြစ်တယ်။ ဒေသထွက်ထုတ်ကုန်တွေကို အသုံးပြုပေးကြရင် လုပ်ငန်းရှင်တွေအတွက်လည်း လုပ်ငန်းလည်ပတ်ဖို့ အများကြီး အထောက်အကူပြုနိုင်တယ်” ဟု မြောက်ဦးမြို့မှ ဆိုင်သည်တစ်ဦးဖြစ်သည့် ဒေါ်ခင်မေက ပြောသည်။
ဒေသတွင်းစက်ရုံများက ထုတ်လုပ်သည့် ပလက်စတစ်တန်ချိန် တစ်ပေါင်လျှင် ကျပ် ၂,၃၀၀ ခန့်ရှိပြီး ပြည်မဖက်က တင်သွင်းသည့် ပလတ်စတစ် တန်ချိန်တစ်ပေါင်လျှင် ကျပ် ၂,၄၅၀ ခန့်ရှိသည်ဟု ဆိုင်သည်များထံမှ သိရသည်။
ဒေသတွင်း အလုပ်အကိုင်ရှားပါးနေချိန်တွင် ပလတ်စတစ်စက်ရုံများ လည်ပတ်နေခြင်းက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေသည်ဟု စက်ရုံတွင် အလုပ်လုပ်သူများက ပြောကြသည်။
“ကိုယ့်ဒေသမှာ အခုလိုစက်ရုံတွေရှိတော့ ဒေသခံတွေရဲ့အလုပ်အကိုင်အတွက် အဆင်ပြေတယ်။ တခြားနေရာတွေကိုသွားပြီး အလုပ်လုပ်စရာမလိုတော့ မိသားစုတွေနဲ့လည်း နွေးနွေးထွေးထွေးနေရတယ်။ အမျိုးသမီးတွေအတွက် ပိုပြီးတော့အဆင်ပြေတယ်” ဟု စစ်တွေမြို့၊ Top စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မစုစုလှိုင်က ပြောသည်။
လက်ရှိတွင် ပြည်တွင်း ပလတ်စတစ်စက်ရုံများထဲ Top စက်ရုံတစ်ခုတည်းသာ လည်ပတ်လျှက်ရှိသည်ဟု သိရသည်။
ရခိုင်ပြည်ရှိ ပလတ်စတစ်စက်ရုံများမှာ အာဏာပိုင်များ၏ ထောက်ပံ့မှုများမရသလို ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့် နည်းပညာအားနည်းမှုများကြောင့် လုပ်ငန်းတိုးချဲ့လုပ်ကိုင်ရန် စိန်ခေါ်မှုများရှိနေကြကြောင်း လုပ်ငန်းရှင်များက ပြောကြသည်။
#I010