- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
လူမှုကွန်ရက်တွင် စစ်ကောင်စီကို ဝေဖန်ရေးသားသူ ၁,၈၀၀ ကျော် ဖမ်းဆီးခံရ
စစ်အာဏာ သိမ်းချိန်မှစ၍ ယခုနှစ် ဖေဖော်ဝါရီလကုန်ထိ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ရေးသားမှုများနှင့် အွန်လိုင်းပေါ်ပြောဆိုဆက်သွယ်မှုကြောင့် စစ်ကောင်စီထံ ဖမ်းဆီးအရေးယူခံရသူ ၁,၈၈၄ ဦးရှိကြောင်း Data for Myanmar က ယမန်နေ့ (ဖေဖော်ဝါရီ ၂၈) က ထုတ်ပြန်သည်။
01 Mar 2025

DMG ၊ မတ် ၁
စစ်အာဏာ သိမ်းချိန်မှစ၍ ယခုနှစ် ဖေဖော်ဝါရီလကုန်ထိ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ရေးသားမှုများနှင့် အွန်လိုင်းပေါ်ပြောဆိုဆက်သွယ်မှုကြောင့် စစ်ကောင်စီထံ ဖမ်းဆီးအရေးယူခံရသူ ၁,၈၈၄ ဦးရှိကြောင်း Data for Myanmar က ယမန်နေ့ (ဖေဖော်ဝါရီ ၂၈) က ထုတ်ပြန်သည်။
ဖမ်းဆီးခံရသူထဲတွင် အမျိုးသမီး ၆၆၈ ဦးနှင့် အမျိုးသား ၁,၂၁၆ ဦးဖြစ်ပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းက အများဆုံးဖြစ်ကြောင်း သိရသည်။
လူမှုကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)၊ ရာဇသတ်ကြီး ပုဒ်မ - ၁၂၄-က၊ ပုဒ်မ - ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ - ၃၃(က) အပြင် တည်ဆဲဥပဒေများနှင့် အရေးယူခံမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် စစ်ကောင်စီက ကြေညာခဲ့သည်။
ယင်းသို့ အကြောင်းပြပြီးနောက် စစ်ကောင်စီကို ဝေဖန်ရေးသားသူများကို ဖမ်းဆီးလာခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများမှာ ၂၀၂၂ ခုနှစ်တွင် ၈၇၄ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၆၁၅ ဦး၊ ၂၀၂၄ ခုနှစ်တွင် ၃၇၅ ဦးနှင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ၂၀ ဦးရှိခဲ့ကြောင်း Data for Myanmar က ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယအပတ်က ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ဝမ်းနည်းကြောင်းနှင့် ဝေဖန်ခဲ့သူ ရန်ကုန်ရောက် ရခိုင်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
"Facebook ပေါ်မှာ လွတ်လပ်စွာ ရေးသားတဲ့ အကောင့်ပိုင်ရှင်တွေကို စစ်ကောင်စီစောင့်ကြည့်ပြီးတော့ ဖမ်းဆီးတယ်။ အထူးသဖြင့် ရခိုင်နဲ့ပတ်သက်တဲ့ ဝေဖန်မှုတွေဆိုရင် ပိုပြီးတော့ စောင့်ကြည့်တယ်။ ဒါကြောင့် လူမှုကွန်ယက်မှာ မချပြရဲတော့ဘူး။ သတင်းတွေဆိုရင်လည်း မရှယ်ရဲတော့ဘူး" ဟု ရန်ကုန်နေ ရခိုင်လူငယ်တစ်ဦးက ပြောသည်။
Data for Myanmar ၏ အစီရင်ခံစာ အရ ၁၇၄၈ ဦးမှာ Facebook ပေါ်တွင် ရေးသားမျှဝေမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၁၄၄ ဦးမှာ Tik Tok ပေါ်တွင် ရေးသားမျှဝေမှုကြောင်းဖြစ်သည်။
ကျန် ၂၂ ဦးမှာ အွန်လိုင်း ပလက်ဖောင်းတစ်ခုတည်းမဟုတ်ဘဲ Facebook, Tik Tok,Telegram, Viber, You Tube စသည့် တစ်ခုထက်ပိုသော ပလက်ဖောင်းများတွင် ရေးသားမျှဝေမှုကြောင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ဆိုသည်။
အွန်းလိုင်းပေါ်မှာ ပြောဆိုသူများကို စစ်ကောင်စီက စောင့်ကြည့်က ဖမ်းဆီးခြင်းများမှာ အခြေခံလူ့အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ပြေဆိုခွင့်ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း Myanmar Internet Project မှ မီဒီယာအရေးကျွမ်းကျင်သူ ဦးဟန်က ပြောသည်။
"အခုလို စစ်ကောင်စီက ၄ နှစ်တာကာလအတွင်းမှာ လူမှုကွန်ယက်ပေါ်ကတဆင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ကျင့်သုံးတဲ့သူတွေကို ဖမ်းဆီးတာတွေက တောက်လျှောက်လုပ်နေတယ်။ ဆိုတော့ ဒီဟာက ဒီမိုကရေစီနဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို သိသိသာသာ ချိုးဖောက်နေတာဖြစ်တယ်။ စစ်ကောင်စီက လူတွေရဲ့ ပြောဆိုခွင့်တွေကို နှုတ်ပိတ်တယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို ပိတ်ပင်တားဆီးတာဖြစ်တယ်" ဟု ဆိုသည်။
ထိုသို့ စစ်ကောင်စီက လူမှုကွန်ရက်တွင် ရေးသားသူများကို ဖမ်းဆီးမှုများရှိနေသည့်အတွက် အွန်လိုင်းအသုံးပြုသူများအနေဖြင့် အွန်လိုင်းပေါ်တွင် မိမိ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ဘေးကင်းလုံခြုံမှုရှိအောင် သတိထားသုံးစွဲသင့်ကြောင်း Data for Myanmar က အကြုံပြုထားသည်။