ရခိုင်တွင်စစ်ရေးတင်းမာလာပြီးနောက် ပုဏ္ဏားကျွန်းမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၇၀ ကျော် နှုတ်ထွက်စာတင်

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာလာပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၉၀ ကျော်အနက် ၇၀ ကျော်မှာ ယခု နိုဝင်ဘာလ တတိယပတ်အတွင်းတွင် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးသို့ သွားရောက်ကာ နှုတ်ထွက်စာတင်ခဲ့ကြောင်း သိရသည်။

By Admin 26 Nov 2022

ရခိုင်တွင်စစ်ရေးတင်းမာလာပြီးနောက် ပုဏ္ဏားကျွန်းမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၇၀ ကျော် နှုတ်ထွက်စာတင်

ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံး။ဓာတ်ပုံ-ပေးပို့

DMG | နိုဝင်ဘာ ၂၆

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာလာပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၉၀ ကျော်အနက် ၇၀ ကျော်မှာ ယခု နိုဝင်ဘာလ တတိယပတ်အတွင်းတွင် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးသို့ သွားရောက်ကာ နှုတ်ထွက်စာတင်ခဲ့ကြောင်း သိရသည်။

နှုတ်ထွက်စာတွင် ကျန်းမာရေးကိစ္စအကြောင်းပြထားသော်လည်း သြဂုတ်လမှစတင်ဖြစ်ပွားလာသော စစ်ရေးပဋိပက္ခနှင့်အတူ နှစ်ဖက်လက်နက်ကိုင်အန္တရာယ်ကို စိုးရိမ်ရသောကြောင့် နှုတ်ထွက်ရခြင်းဖြစ်သည်ဟု DMG က ဆက်သွယ်ခဲ့သည့် အုပ်ချုပ်ရေးမှူး ၁၀ ဦးခန့်က အတည်ပြုသည်။

မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်ရေးမှူးများကို အသိမပေးဘဲ ရွာထဲသို့ဝင်လာမှုများရှိနေပြီး AA နှင့် ဆက်စပ်သည်ဟု သံသယဝင်ကြသည်။ AA ဘက်ကလည်း ၄င်းတို့ကို စစ်ကောင်စီက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများဟုဆိုကာ သံသယဝင်သဖြင့် နှစ်ဖက်ကြားညှပ်သည့် အနေအထားဖြစ်နေ၍ နှုတ်ထွက်ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေ နေရထိုင်ရတာက နှစ်ဖက်ကြားညှပ်နေတယ်လေ။ စစ်တပ်ဘက်က လည်း အကောင်းမမြင်သလို ULA/AAဘက်ကလည်း သံသယဝင်တယ်။ တကယ်ဆိုရင် စစ်တပ်က ရွာ တွေကိုဝင်လာမယ်ဆိုရင် အုပ်ချုပ်ရေးမှူးတွေကို အသိပေးသင့်တယ်။ အခုကအသိမပေးဘဲ ဝင်တယ်ဆိုတော့ အုပ်ချုပ်ရေးမှူးတွေကို အသိအမှတ်မပြုသလိုမျိုး ဖြစ်နေတယ်”ဟု ၄င်းက ဆိုသည်။

“ULA/AAဘက်ကဆိုရင်လည်း စစ်ကောင်စီဆီမှာ အလုပ်လုပ်နေတယ်၊ စစ်ကောင်စီဥက္ကဌဆိုပြီး အမျိုးမျိုး သံသယဝင်တယ်။ အမြင်မကြည်ကြဘူးလေ။ အဲတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေမှာ အနေကျပ်လာတယ်။ အနေကျပ်လာရင် ဘာလို့လုပ်နေမှာလဲဆိုပြီး နှုတ်ထွက်စာသွားတင်လိုက်တာ။ တံဆိပ်တုံးတွေပါ အကုန်လုံးတင်လိုက်ပါတယ်” ဟု သူကဆက်ပြောသည်။

နှုတ်ထွက်စာတင်ထားသည့် အုပ်ချုပ်ရေးမှူးများမှာ ကျွဲထိုး ၊ စပါးထား၊ အောင်ဇေယျ၊ ခမောင်းတော၊ ကြံချောင်း၊ အိုင်ဒင်၊ တန်ခိုး၊ ငှက်ကြီးကျွန်း၊ ပဲစိနန်း ၊ဘုရားကြီး၊ အောင်ဖြူပြင်၊ ဘဲခိုးကြိမ်ချောင်း၊ ထောင်လောင်ပွန်း၊ ကံဦး၊ ဒီပါရုံစသည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးတို့ဖြစ်သည်။

အုပ်ချုပ်ရေးမှူးများအနေဖြင့် နှစ်ဖက်ကြားညှပ်နေသည့်အခြေအနေတွင် အသက်အန္တရာယ်ကို စိုးရိမ်ရသလို ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မပေးနိုင်သောကြောင့် နှုတ်ထွက်ရန်ဆုံးဖြတ်လိုက် ခြင်းဟု အခြားကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ကျနော်တို့ နုတ်ထွက်စာတင်ရတာက ကျေးရွာမှာ ဒေသခံတွေကိုလည်း မကာကွယ်ပေးနိုင်ဘူး။ ရွာတွေမှာဆိုရင်လည်း စစ်သားတွေနဲ့အတွေ့မခံရဲဘူး။ ဘာလို့လဲဆိုတော့ သူတို့က အုပ်ချုပ်ရေးမှူးတွေကို သိတာလည်း မဟုတ်ဘူး။ နောက်ပြီးရင် စစ်တပ်နဲ့ ကျနော်တို့က အတွေ့မခံရဲသလို ဒီဘက်က ULA/AAကဆိုရင်လည်း အုပ်ချုပ်ရေးမှူးတွေကို မိတ်ဆွေမဖွဲ့ဘူး။ အပြောအဆိုလည်း မတည့်ဘူး”ဟု ၄င်းက ပြောသည်။

၄င်းက ဆက်လက်ပြီး “စစ်သားတွေ လာရင်လည်း ရွာက တိမ်းရှောင်နေရတယ်။ ULA/AAကလာရင်လည်း ရွာက တိမ်းရှောင်နေရသလို ဖြစ်နေတယ်။ ရွာက ဒေသခံတွေကလည်း အုပ်ချုပ်ရေးမှူးကိုယ်တိုင်ကသူတို့ကို မကာကွယ်ပေးနိုင်တော့ အုပ်ချုပ်ရေးမှူးကို သိပ်သဘောမကျကြတော့ဘူးလေ။အဲ့တော့ နှစ်ဖက်နှစ်လမ်းဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေကလည်း အသက်အန္တရာယ်ကို စိုးရိမ်ရတယ်။ ဒါကြောင့် ဒေသလည်း မတည်ငြိမ်ဘူးဆိုတော့ နှုတ်ထွက်လိုက်ရင် ကောင်းမယ်ဆိုပြီး နှုတ်ထွက်ရခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။

နောက်ထပ်အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း မြန်မာစစ်တပ်အနေဖြင့် ဘူးသီးတောင်၊မောင်တောဒေသမှ အုပ်ချုပ်ရေးမှူးအချို့ကိုလည်း AA နှင့်ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးမှုများရှိခဲ့သဖြင့် အလားတူဖြစ်စဥ်မျိုး ကြုံတွေ့လာရမည်ကို စိုးရိမ်၍ နှုတ်ထွက်ရခြင်းဖြစ်သည်ဟု ပြောသည်။

“ရွာထဲကို စစ်သားတွေ ဝင်လာလို့ရှိရင် ရွာသားတွေကို ကျနော်တို့က မကာကွယ်ပေးနိုင်ဘူး။ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေပါကြောက်ပြီး ထွက်ပြေးရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ဘူးသီးတောင် ၊မောင်တောဘက်တွေမှာ အုပ်ချုပ်ရေးမှူးတွေကိုပါ ဖမ်းတယ်ကြားတော့ ကျနော်တို့လည်း ကြောက်ပြီးထွက်ပြေးရပါတယ်။ ဒါကြောင့် ကျနော်တို့ နှုတ်ထွက်စာသွားတင်တာပါ” ဟု သူကပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။ ထို့ပြင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ယခုလအတွင်းတွင် ပုဏ္ဏားကျွန်းမြို့နယ်၌ မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခဖြစ်ပွားမှုကြောင့် ဆင်အင်းကြီး၊ ပဒေသာ၊ ကျော်ဇံ၊ ကျွဲထိုး၊ တန်းခိုး စသည့် ကျေးရွာများမှ ဒေသခံ ၇၀၀၀ ခန့်မှာ ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးမှုများရှိနေသည်။

ပြီးခဲ့သည့် ၂၀၁၈ ခု-၂၀၂၀ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲကာလတွင် မြန်မာစစ်တပ်က အုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးမှုများရှိခဲ့သဖြင့် ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ရသေ့တောင်၊ မင်းပြား စသည့်မြို့နယ်များမှ အုပ်ချုပ်ရေးမှူးအများအပြား နှုတ်ထွက်မှုများရှိခဲ့ဖူးသည်။

ဗီဒီယိုများ