- ရာထူးက နုတ်ထွက်နိုင်သည်ဟု သတင်းများထွက်ပေါ်လာမှုကို ဂျပန်ဝန်ကြီးချုပ် အီရှီဘား ငြင်းဆို
- မြောက်ဦးက အခြေခံလက်လုပ်လက်စားများ မိုင်းအန္တရာယ်ကြား အသက်ကိုရင်း၍ ဝမ်းစာရှာဖွေနေကြ
- ရခိုင် ရေဘေးသင့်ပြည်သူ ၁၂,၀၀၀ ကျော် အကူအညီများ လိုအပ်နေ
- "ဒုက္ခသည် ပြန်လည်နေရာချထားရေးအတွက် အားလုံးမှာ တာဝန်ရှိပါတယ်"
- လေကြောင်းအန္တရာယ်ကို ရှောင်တိမ်းဖို့ကြိုးစားနေတဲ့ မြေအောက်စာသင်ကျောင်း
ရန်ကုန်ရောက် ရခိုင်များကို ပြည်ထောင်စုစိတ်၊ မျိုးချစ်စိတ်ရှိရန် ဦးဇော်အေးမောင် မှာကြား
ရန်ကုန်ရောက် ရခိုင်လူမျိုးများကို ပြည်ထောင်စုစိတ်၊ မျိုးချစ်ရှိကြရန် စစ်ကောင်စီ၏ ပြည်ထောင်စုတိုင်းရင်းသားရေးရာ ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်က မှာကြားခဲ့သည်ဟု သိရသည်။
23 Jul 2025

DMG ၊ ဇူလိုင် ၂၃
ရန်ကုန်ရောက် ရခိုင်လူမျိုးများကို ပြည်ထောင်စုစိတ်၊ မျိုးချစ်ရှိကြရန် စစ်ကောင်စီ၏ ပြည်ထောင်စုတိုင်းရင်းသားရေးရာ ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်က မှာကြားခဲ့သည်ဟု သိရသည်။
ဇူလိုင်လ ၂၁ ရက်က ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် ပြုလုပ်သည့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ရခိုင်လူမှုရေးအသင်းများနှင့် တွေ့ဆုံပွဲတွင် ယင်းသို့ မှာကြားခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီပိုင် မီဒီယာများတွင် ဖော်ပြသည်။
ဒုဝန်ကြီး ဦးဇော်အေးမောင်က " တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဉပဒေနှင့် အညီ ဆက်စပ်ဌာနများနှင့် ပူးပေါင်းကြရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မာရေး၊ ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ရေး၊ မျိုးချစ်စိတ် ရှင်သန်ရေးအတွက် ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ ပထဝီနိုင်ငံရေး သဘောတရားများ မြန်မာနိုင်ငံတွင် သက်ရောက်မှုရှိမှုကြောင်း " ဆွေးနွေးမှာကြားခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ရန်ကုန်တိုင်း တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ရန်ကုန်ရောက် စစ်ဘေးရှောင်များ၏ လုံခြုံရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ ကလေးများ ကျောင်းတက်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ပေးနေကြောင်းကို ရှင်းပြခဲ့ကြောင်း သိရသည်။
ထိုသို့ ဦးဇော်အေးမောင်၏ ပြောဆိုချက်များမှာ စစ်ကောင်စီ အလိုကျဟန်ပြ ဝါဒဖြန့် အဆင့်သာရှိပြီး ရန်ကုန်ရောက် ရခိုင်များ၏ အခွင့်အရေးအတွက် မြေပြင်တွင် လုပ်နိုင်စွမ်းမမြင်ရကြောင်း ရန်ကုန်ရောက် ရခိုင်များက ဝေဖန်နေကြသည်။
" သူက စစ်ခေါင်းဆောင်အလိုကျ ပွဲတက်အဆင့်သာ ရှိပြီး မြေပြင်က ရခိုင်တွေအတွက် အကူညီပေးတာ ဘာမှ မရှိဘူး။ စစ်မှုထမ်းအတွက် အတင်းအဖမ်းခံရသူတွေ၊ တခြား ရခိုင်လူငယ်တွေ အဖမ်းခံရတဲ့ ကိစ္စတွေမှာ ဘာမှ ဝင်ပြောတာ၊ လုပ်ပေးနိုင်တာ မရှိခဲ့ဘူး။ စစ်ကောင်စီ အလိုလိုက် အကြိုက်ဆောင်ပေးတာလောက်ပဲ ရှိတယ် " ဟု ရန်ကုန်နေ ရခိုင်လူငယ်တစ်ဦးက ဝေဖန်သည်။
ဆက်လက်ပြီး တက်ရောက်လာသည့် ရခိုင်လူမှုရေးအဖွဲ့အစည်းများ၏ လိုအပ်ချက်၊ ဆွေးနွေးချက်များကို ဦးဇော်အေးမောင်က ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်းဆိုသည်။
ထို့အတူ တွေ့ဆုံပွဲတွင် ရခိုင်လူမှုရေးအသင်းအဖွဲ့များအနေဖြင့် အသင်းများ၏ ရည်ရွယ်ချက် လုပ်ငန်းစဉ်များ လုပ်ကိုင်ရာတွင် ဥပဒေဘောင်အတွင်း၌ ဆောင်ရွက်နိုင်ရန်အတွက် အသင်းအဖွဲ့များ မှတ်ပုံတင်ရေး ဥပဒေနှင့်အညီ မိမိတို့၏ အသင်းအဖွဲ့ကို တိုင်းဒေသကြီး အဆင့်ထိ မှတ်ပုံတင်ပြုလုပ်ထားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ထိုသို့ ဦးဇော်အေးမောင်၏ ပြောဆိုချက်များမှာ စစ်ကောင်စီ အလိုကျဟန်ပြ ဝါဒဖြန့် အဆင့်သာ ရှိပြီး ရန်ကုန်ရောက်ရခိုင်များ၏ အခွင့်အရေးအတွက် မြေပြင်တွင် လုပ်နိုင်စွမ်းမမြင်ရကြောင်း ပြည်သူများက ဆိုသည်။
" စစ်ကောင်စီ လက်ပါးစေ တစ်ယောက်အနေနဲ့ သူ့အကြိုက်ဆောင် လုပ်နေတာလို့ပဲ မြင်တယ်။ သူက စစ်ကောင်စီနဲ့ သင့်မြတ်ဖို့၊ ယုံကြည်မှု ပိုရဖို့ လုပ်နေတာ။ ရှင်းရှင်းပြောရရင် ကိုယ့်လူမျိုးအတွက် ဘာတစ်ခုမှလုပ်ပေးတာ မရှိဘူး။ ရန်ကုန်ရောက် ရခိုင်တွေ တစ်ခုခုဖြစ်ရင် ရေငုံနှုတ်ဆိတ်နေတယ်။ သူကောင်းစားဖို့ အခွင့်အလမ်းတွေရှိရင် အသံပါ လူပါ ထွက်ပြတယ် " ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်သည်။
ရခိုင်ပြည်သိမ်းတိုက်ပွဲများကြောင့် ရန်ကုန်တွင် စစ်ဘေးရှောင်နေကြသည့် ရခိုင်များနှင့် ယခင်ကတည်းက ရန်ကုန်တွင် အခြေချနေထိုင်သူ ရခိုင်လူဦးရေ သိန်းနှင့်ချီရှိနေကြောင်း လူမှုအဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။
ဦးဇော်အေးမောင် ပြောစကားများမှာ ဗမာပြည်ပါတီနိုင်ငံရေးသမားများ ပြောနေကျ စကားသာဖြစ်ပြီး မျိုးချစ်စိတ်များမှာ ၂၀၀၈ ဖွဲစည်းပုံအောက်မှာ ကြိုးစားရမည်ဟု အဓိပ္ပာယ် မှတ်ယူနိုင်ကြောင်း ရခိုင့်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။
" ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ကိုယ့်လူမျိုးကို ဘယ်လောက်ချစ်ချစ် ကိုယ်လိုချင်တဲ့ အပိုင်းကိုတော့ ရနိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့်လည်း ကိုယ့်လူမျိုးကို ချစ်တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်နေကြတာ။ စကားတွေကို နည်းနည်းတော့ သူတို့အနေနဲ့ ဖြည့်စွက်ပြောဖို့ လိုအပ်တယ်လို့ ထင်တယ်။ မဟုတ်ဘဲ လက်ရှိ ပြည်ထောင်စုကိုပဲ ချစ်ရမယ်ဆိုရင် ကိုယ့်လူမျိုးကိုချစ်တဲ့ စိတ်ဓာတ်တွေဟာ ဘာမှ ခရီးမရောက်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ပျောက်သွားမယ် " ဟု ၎င်းက ဆိုသည်။
ဆက်လက်ပြီး ဦးဖေသန်းက " ဥပမာ ပြောရမယ်ဆိုရင် အင်္ဂလိပ်ခေတ်တုန်းက အင်ပါယာကြီးကိုလည်း ချစ်မြတ်နိုးရမယ်၊ ကိုယ့်ရခိုင်လူမျိုးကိုလည်း ချစ်မြတ်နိုးရမယ်ဆိုပြီး တွေးတယ်ပေါ့။ ဒါကြောင့် နေမဝင် အင်ပါယာကြီးကို ချစ်ရမယ်။ ကိုယ့်လူမျိုးကိုလည်း ချစ်ရမယ်ဆိုတဲ့ စကားမျိုးကို လွတ်လပ်ရေး အကြိုခေတ်က လူတိုင်းပြောခဲ့မှာ မဟုတ်ဘဲ အင်္ဂလိပ်အစိုးရ လက်အောက်က လွတ်မြောက်အောင်ယူရမယ်ဆိုတဲ့ စကားမျိုးပဲ ပြောခဲ့မယ်ထင်တယ်" ဟု ပြောသည်။
ရခိုင်အမျိုးသားတစ်ဦးဖြစ်သူ ဦးဇော်အေးမောင်သည် ယခင် ANP ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီက တိုင်းရင်းသားရေးရေးရာ ဒုဝန်ကြီးအဖြစ် ခန့်အပ်ပြီး ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်ထားသည်။