ပါလက်စတိုင်းနိုင်ငံ မရသရွေ့ လက်နက်မစွန့်ဟု ဟားမားစ်ပြော

လွတ်လပ်သော ပါလက်စတိုင်းပြည် မထူထောင်နိုင်သေးသရွေ့ လက်နက်စွန့်မည်မဟုတ်ဟု ဟားမားစ်တို့က ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 03 Aug 2025

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ဂါဇာတွင် တွေ့ရသည့် ဟားမားစ်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AP
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ဂါဇာတွင် တွေ့ရသည့် ဟားမားစ်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AP

လွတ်လပ်သော ပါလက်စတိုင်းပြည် မထူထောင်နိုင်သေးသရွေ့ လက်နက်စွန့်မည်မဟုတ်ဟု ဟားမားစ်တို့က ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သြဂုတ်လ ၂ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ဟားမားစ်တို့က "လက်နက်ကိုင်တော်လှန်ရေးအား … မိမိတို့၏ အမျိုးသားအခွင့်အရေးများ အပြည့်အဝ ပြန်ရသည့် အခြေအနေ မရောက်ဘဲ စွန့်လွှတ်မည်မဟုတ်။ အဆိုပါ အခွင့်အရေးများအနက် ဂျေရုစလင်ကို မြို့တော်အဖြစ် သတ်မှတ်ထားသည့် အချုပ်အခြာအာဏာပိုင် ပါလက်စတိုင်း တိုင်းပြည်တစ်ရပ် ထူထောင်ရေးက ထိပ်ဆုံး၌ရှိနေသည်" ဟု ပြောဆိုထားသည်။

ဟားမားစ်နှင့် အစ္စရေးတို့သည် ဂါဇာအတွင် ရက် ၆၀ အပစ်အခတ်ရပ်စဲရေး၊ ဓားစာခံများ ပြန်လွှတ်ပေးရေးတို့အတွက် ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီချက် တစုံတရာ မရဘဲ ပြီးခဲ့သော သီတင်းပတ်တွင် အဆုံးသတ်ခဲ့သည်။

အစ္စရေးကမူ ဟားမားစ်တို့ လက်နက်ဖျက်သိမ်းရေးသည် အဓိကကျသည့် အချက်ဖြစ်ကာ သို့မှသာ ပဋိပက္ခ အဆုံးသတ်ရေးအတွက် သဘောတူညီချက်များ ရယူနိုင်မည်ဟု ယူဆထားသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကလည်း အနာဂတ် ပါလက်စတိုင်းပြည် ဆိုသည်မှာ အစ္စရေးကို ဖျက်ဆီးမည့် အခြေခံအုတ်မြစ်သာ ဖြစ်သည်ဟု ပြီးခဲ့သောလက ရည်ညွှန်းပြောကြားမှုများ ရှိခဲ့သည်။

တစ်ဘက်တွင်လည်း ယူကေ၊ ကနေဒါ၊ ပြင်သစ်အပါအဝင် နိုင်ငံအချို့က ပါလက်စတိုင်းကို တိုင်းပြည်အဖြစ် အသိအမှတ်ပြုမည်ဟု လောလောလတ်လတ် ထုတ်ဖော်အသိပေးထားသည်။

ဟားမားစ်တို့သည် ဂါဇာတွင် ၂၀၀၇ ခုနှစ်တည်းက ကြီးစိုးထားသော်လည်း တိုက်ပွဲမျက်နှာစာများတွင်မူ အစ္စရေးထံတွင် အကြီးအကျယ် တိုက်ခိုက်ခံနေရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဟားမားစ်တို့သည် အစ္စရေးနိုင်ငံ တောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ကာ လူပေါင်း ၁၂၀၀ ကျော်သတ်ဖြတ်ပြီး နောက်ထပ် ၂၅၁ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး၍ ဂါဇာဘက်သို့ ပြန်ဝင်ပြေးသွားခဲ့သည်။

\အစ္စရေးကလည်း ချက်ချင်းဆိုသလို လက်တုံ့ပြန်ခဲ့ပြီးနောက် ဂါဇာတွင် အစ္စရေးနှင့် ဟားမားစ်အကြား စစ်ရေးပဋိပက္ခသည် လက်ရှိအချိန်အထိ အဆုံးမသတ်နိုင်သေးပေ။

ဂါဇာတွင် အစ္စရေးတို့၏ လက်ချက်ဖြင့် သေဆုံးရသည့် ပါလက်စတိုင်း အရေအတွက်သည် ၆၀,၀၀၀ ကျော်နေပြီဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။