စစ်တွေတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်နေကြောင်း AA ပြော

စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်း လက်နက်ကြီး/ငယ်၊ ဒရုန်း၊ စနိုက်ပါများအပြင် လေကြောင်း၊ ရေကြောင်းတို့ဖြင့်လည်း နေ့စဉ်ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်ကြောင်း AA က ဆိုသည်။

By Admin 21 Jan 2025

ပုံစာ - စစ်ကောင်စီ၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကိုတွေ့ရစဉ်။ (ဓာတ်ပုံ- CINCDS)
ပုံစာ - စစ်ကောင်စီ၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကိုတွေ့ရစဉ်။ (ဓာတ်ပုံ- CINCDS)

DMG ၊ ဇန်နဝါရီ ၂၁

ရခိုင်ပြည်မြို့တော် စစ်တွေမြို့နယ်တွင် စစ်ကောင်စီက အရပ်သားကျေးရွာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်နေကြောင်း အာရက္ခတပ်တော်က ယမန်နေ့(ဇန်နဝါရီ ၂၀) တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်း လက်နက်ကြီး/ငယ်၊ ဒရုန်း၊ စနိုက်ပါများအပြင် လေကြောင်း၊ ရေကြောင်းတို့ဖြင့်လည်း နေ့စဉ်ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်ကြောင်း AA က ဆိုသည်။

ဇန်နဝါရီလ ၂၀  နေ့လည်ကလည်း စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဝါဘိုကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားနေအိမ်တအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ (ဇန်နဝါရီ ၂၁) တွင်လည်း စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီက ဒရုန်းများဖြင့်ပစ်ခတ်မှုရှိနေပြီး ရွှေမင်းဂံရေတပ်နှင့် ပါဒလိတ်အခြေစိုက် ခမရ ၂၃၂၊ ခမရ ၃၄၄ တပ်ရင်းများကလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုရှိနေသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စစ်တွေမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက ဒရုန်းတွေ၊ စနိုက်ဘာတွေနဲ့ လှမ်းပစ်တာတွေရှိ တယ်။ အထူးသဖြင့် ဝါဘို၊ မီးလောင်ရွာ ပတ်ဝန်းကျင်တွေကို ပစ်တာ။ ပုဏ္ဏားကျွန်းအပိုင်မှာရှိတဲ့ ကျေးရွာတွေ ကို လည်း စစ်ကောင်စီရဲ့ ရွှေမင်းဂံရေတပ်နဲ့ ပါဒလိတ် အခြေစိုက် ခမရ ၂၃၂၊ ၃၄၄ တပ်ရင်းတွေကနေပြီး ၁၂၀ မမ၊ ၈၀ မမတွေနဲ့ နေတိုင်းလှမ်းပစ်နေတာရှိတယ်။ အထူးသဖြင့် ကွမ်းတောင်၊ အိုင်ဒင်၊ စပါးထားနဲ့ ကျွဲထိုးကျေးရွာ တွေကို ပစ်မှတ်ထားပြီး ပစ်ခတ်တာ” ဟု ပြောသည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား နှစ်ဖက်စစ်ဆိုင်ထားပြီး မကြာခဏ ပစ်ခတ်မှုများလည်းရှိနေသည့် အနေအထားဖြစ်ကြောင်း စစ်ရေးသတင်းရင်းများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ကလည်း စစ်တွေမြို့နယ် ဝါဘိုကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စပါးထားကျေးရွာနှင့် ဘောင်ဒူလာ ကျေးရွာတို့ကိုလည်း လက်နက်ကြီးများပစ်ခတ်ခဲ့သည့်အတွက် အရပ်သားနေအိမ်များနှင့် ကျွဲ၊နွား အချို့ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

စစ်တွေနှင့် ပုဏ္ဏားကျွန်းမြိုနယ်အစပ်ရှိ ကျေးရွာပေါင်း ၃၀ နီးပါးက သောင်းနှင့်ချီသည့် ဒေသခံများမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ကတည်းက နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရသည်။

စစ်တွေမြို့နယ်အတွင်းမှာ အပြန်အလှန်ပစ်ခတ်မှုများနှင့် စစ်ရေးတင်းမာပြီးနောက် စစ်ကောင်စီက မြို့တွင်းလုံခြုံရေး တင်းကြပ်ထားကြောင်း သိရသည်။

စစ်တွေမြို့ခံတစ်ဦးက “ မြို့တွင်းလုံခြုံရေးကတော့ အရင်ထက်စာရင် တင်းကြပ်မှုရှိလာတယ်။ တချို့ စစ်ဆေးရေးဂိတ်တွေမှာဆိုရင် အရင်ကထက် တင်းတင်းကျပ်ကျပ် စစ်ဆေးတာမျိုးရှိတယ်။ ဖမ်းဆီးတာမျိုးတော့ မကြားဘူး။ တစ်ချို့ကလည်း ဇန်နဝါရီလ ၁၆ ရက်နေ့ကတည်းက လက်နက်ကြီးတွေ ပစ်ခတ်မှုတွေ ရှိတာကြောင့် ရန် ကုန်ဖက်ကို တိမ်းရှောင် သွားကြတာရှိတယ် ” ဟုပြောသည်။

စစ်တွေမြို့ မြို့မဈေးအနီးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့က လက်နက်ကြီး အပိုင်းအစများ ကျရောက်ရှိခဲ့သည့် အတွက် ဈေး ၃ ရက်ပိတ်ခဲ့ကြပြီး လက်ရှိတွင် ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီက ရခိုင်ပြည်အတွင်း စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး စစ်တွေမြို့နယ်မှာ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းနှင့် စနိုက်ဘာများဖြင့် ပစ်ခတ်လာနေခြင်းဖြစ်သည်။