စပါးအထွက်နှုန်းကျဆင်းခဲ့သည့် ရခိုင်တွင် ဆန်ဈေးနှုန်းမြင့်တက်နေ

ရခိုင်ပြည်တွင် ယခုနှစ်စပါးစိုက်ပျိုးရာသီအတွင်း ရာသီဥတုဖောက်ပြန်ခြင်း၊ သွင်းအားစုစရိတ်ကြီးမားခြင်း၊ ဓာတ်မြေဩဇာ ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် စပါးပေါ်ချိန်တွင် အထွက်နှုန်း ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

By Admin 08 Feb 2023

စပါးအထွက်နှုန်းကျဆင်းခဲ့သည့် ရခိုင်တွင် ဆန်ဈေးနှုန်းမြင့်တက်နေ

ရခိုင်ပြည်မြောက်ပိုင်းတွင် စပါးတင်း ၁၀၀ ကို ငွေကျပ် ၁၂ သိန်းနှင့်အထက် ဈေးကောင်းပေးကာ ကုန်သည်များက ဝယ်ယူနေလျက်ရှိသည်။ 

DMG ၊ ဖေဖော်ဝါရီ ၈

ရခိုင်ပြည်တွင် ယခုနှစ်အတွင်း စပါးအထွက်နှုန်း ကျဆင်းခဲ့သည့်အတွက် ပြည်တွင်းဆန်ဈေးနှုန်းမှာလည်း မြင့်တက်လာနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ယခင်က ငွေကျပ် ၅ သောင်းကျော်မှ လက်ရှိတွင် ငွေကျပ် ၆၅,၀၀၀ အထိရှိပြီး ဆန်ကြမ်းတစ်အိတ်ကို ယခင်က ငွေကျပ် ၄ သောင်းခန့်မှ ငွေကျပ် ၅၀,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လျက်ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းမှစ၍ ဆန်ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ပြီး အမျိုးအစားအလိုက် ဆန်တစ်အိတ်လျှင် ၅ ထောင်မှ ၃ ထောင်၊ ၄ ထောင်အထိ ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်ဟု စစ်တွေမြို့မှ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးသာဇံလှက ပြောသည်။

“အခုနှစ်က စပါးအထွက်နှုန်းကလည်း ဖြစ်သင့်သလောက် မဖြစ်ထွန်းခဲ့ဘူး။ အဲဒီတော့ စပါးစျေးနှုန်းကတက်တယ်။ စပါးမကောင်းတော့ ဆန်ကောင်းမဖြစ်ထွန်းဘဲ အကျိုးအပဲ့တွေများတယ်။ အဲဒါတွေကြောင့်လည်း ဆန်ဈေးကတက်တယ်” ဟု ၎င်းက ပြောသည်။ ယခုကဲ့သို့ ဆန်ဈေးနှုန်း မြင့်တက်နေသော်လည်း ဝယ်လိုအားက ပုံမှန်အတိုင်းရှိနေကြောင်း ဦးသာဇံလှက ဆက်ပြောသည်။

လက်ရှိ ရခိုင်ပြည်ဆန်ဈေးကွက်အတွင်းမှာ ဆန်ဟောင်းရှားပါးလာနေခြင်းကြောင့် တချို့မှာလည်း ဆန်ဝယ်ယူသို‌လှောင်မှုများရှိကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။

ရခိုင်ပြည်တွင် ယခုနှစ်စပါးစိုက်ပျိုးရာသီအတွင်း ရာသီဥတုဖောက်ပြန်ခြင်း၊ သွင်းအားစုစရိတ်ကြီးမားခြင်း၊ ဓာတ်မြေဩဇာ ဈေးနှုန်းမြင့်တက်ခြင်းတို့ကြောင့် စပါးပေါ်ချိန်တွင် အထွက်နှုန်း ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

စပါးပေါ်ရာသီတွင် ဆန်ဈေးနှုန်းကျဆင်းလေ့ရှိသော်လည်း စပါးအထွန်းနှုန်း လျော့ကျခြင်းကြောင်း ပြည်တွင်းဆန်ဈေးနှုန်းမှာလည်း ဆက်လက်မြင့်တက်လာနိုင်ကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးက ပြောသည်။

“ပုံမှန်ဆိုရင် ဇန်နဝါလောက်ကစပြီးတော့ စပါးပေါရမယ့်အချိန်မှာ စပါးက လိုသလောက် မထွက်လာတော့ ဆန်စျေးနှုန်းတွေတက်တယ်။ ဆက်ပြီးတော့ စျေးတက်လာအုံးမှာ။ ဘာဖြစ်လို့လဲဆိုတော့ စပါးအထွက်နှုန်းက ကျဆင်းတယ်။ နောက်တစ်ခုက ဒေသရဲ့ စစ်ရေး၊နိုင်ငံရေးအခြေနေက ဘယ်လိုမှ စိတ်ချလို့ရတဲ့ အနေထားမဟုတ်ဘူး။ အဲဒီတော့ ဆန်စျေးက ရှေ့ကိုပဲတက်နေဦးမှာဖြစ်တယ်။ ဒါကိုလည်း တားလို့ရမှာမဟုတ်ပါဘူး” ဟု ဦးခင်မောင်ကြီးက ပြောသည်။

ရခိုင်ပြည်တွင် စပါးအထွက်နှုန်း ကျဆင်းမှုများရှိသော်လည်း ဆန်စပါးဈေးကောင်းရရှိနေသဖြင့် လယ်သမားများအတွက် ထွက်ယက်စိုက်ပျိုးကာလ သွင်းအားစုစရိတ်ကို တစ်ဖက်တလမ်းမှ ကာမိကြောင်း လယ်သမားက ပြောဆိုကြသည်။

လက်ရှိ ရခိုင်ပြည်မြောက်ပိုင်းတွင် စပါးတင်း ၁၀၀ (ဒေသအခေါ် စပါးတောင်း ၂၅၀)ကို ငွေကျပ် ၁၂ သိန်းနှင့် အထက် ဈေးကောင်းရရှိကာ ကုန်သည်များမှ ဝယ်ယူလျက်ရှိနေသည်ဟု မြောက်ဦးမြို့နယ်၊ ကျီရာပြင်ကျေးရွာမှ ဦးစိုးနိုင်က ပြောသည်။

“ကျနော်တို့လယ်သမားတွေ အတွက်ကတော့ အခြေနေတစ်ခုခုကို ရလိုက်တဲ့အနေအထားဖြစ်တယ်။ စပါးစျေးသာမကောင်းဘူးဆိုရင် တောင်သူတွေ တော်တော်လေးအခက်ကြုံမှာ။ ထုတ်လုပ်တဲ့စရိတ်နဲ့ ရရှိတဲ့စျေးနဲ့ဆိုရင် နည်းနည်းခံသာတယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်တွင် စပါးစိုက်လယ်ဧကပေါင်း ၁၂ သိန်းခွဲကျော်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် လယ်ဧက ၈ သိန်းခွဲကျော်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ သိရသည်။

#R010

ဗီဒီယိုများ