- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
စစ်တွေမြို့နယ်က နေအိမ်များကို စစ်ကောင်စီ ဖြိုဖျက်ပြီး ဘန်ကာများဆောက်လုပ်နေ
စစ်တွေမြို့နယ်မှ ကျေးရွာပေါင်း ၃၀ ခန့်ကို စစ်ကောင်စီက နှင်ထုတ်ခဲ့ပြီးနောက် တပ်စွဲနေထိုင်ပြီး ယအခုအခါ နေအိမ်များကို စစ်ကောင်စီနှင့် အပေါင်းအပါ မွတ်ဆလင်တို့ ပူးပေါင်းပြီး ဖြိုဖျက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
21 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၁
စစ်တွေမြို့နယ်တွင် လူမနေသည့် ကျေးရွာများက နေအိမ်များကို စစ်ကောင်စီနှင့် အပေါင်းအပါ မွတ်ဆလင်တို့ ပူးပေါင်းပြီး ဆက်တိုက်ဖြိုဖျက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လက စတင်ကာ စစ်တွေမြို့နယ်ရှိ ပလ္လင်ပြင်၊ အောင်တိုင်၊ အုန်းရေ ဖော်၊ တောကန်၊ ကျက်တောပြင်၊ ရေချမ်း ပြင်၊ ပျားလယ်ချောင်း၊ ကြွီတဲ၊ သင်းပုန်းတန်း၊ မောင်နီပြင် စသည့် ၁၃ ရွာမှ ဒေသခံများကို စစ်ကောင်စီက အတင်းအဓမ္မပြောင်းရွှေ့စေခဲ့သည်။
ယင်းနောက် ဗျိုင်းဖြူရွာ(ဆတ်ရိုးကျ)၊ ကျေးတော၊ ရွှေပြည်သာ၊ ရွှေမင်းဂံ၊ ချောင်းနွယ်စသည့် ကျေးရွာသားများကိုလည်း နှင်ထုတ်ခဲ့သည်။ အလားတူ ဒီဇင်ဘာလတွင် ပါဒလိပ်၊ ကျောက်တန်းကြီး၊ ကျောက်တန်းချေ၊ ကျားမ သောက်၊ သိန်းတန်၊ ရာတန်၊ နာရီကန် စသည့် ကျေးရွာ ၉ ရွာမှ ဒေသခံများကို ထပ်မံ အတင်းအဓမ္မနှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။
စစ်တွေမြို့နယ်မှ ကျေးရွာပေါင်း ၃၀ ခန့်ကို စစ်ကောင်စီက နှင်ထုတ်ခဲ့ပြီးနောက် တပ်စွဲနေထိုင်ပြီး ယအခုအခါ နေအိမ်များကို စစ်ကောင်စီနှင့် အပေါင်းအပါ မွတ်ဆလင်တို့ ပူးပေါင်းပြီး ဖြိုဖျက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ကျေးရွာက နှင်ထုတ်ပြီးတာနဲ့ စစ်ကောင်စီက နေရာယူတယ်။ နေအိမ်တွေကိုဖြိုဖျက်တယ်။ သူတို့လိုအပ်တဲ့ ဘန်ကာတွေ ဆောက်သလို ထင်မီးသွေးအဖြစ် သုံးဖို့အတွက်လည်း မွတ်ဆလင်တွေက ယူကြတယ်” ဟု စစ်တွေမြို့နယ်၊ တောကန်ကျေးရွာသား တစ်ဦးကပြောသည်။
ယင်းကျေးရွာအတွင်း ရွာအဝင်အထွက်လမ်းများ၊ ကားလမ်းမတစ်လျှောက်က နေရာအချို့မှာ နေအိမ်တိုင်များဖြင့် ကတုတ်ကျင်း၊ ဘန်ကာများ ဆောက်လုပ်ထားကြောင်း ယင်းအခြေနေသိသူများက ဆိုသည်။
ထိုနည်းတူ ချောင်းကမ်းတစ်လျှောက်ကျေးရွာများ၌လည်း လက်နက်ကြီး၊ အမြောက်တပ်များတပ်ဆင်ပြီး၊ မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း ဆိုသည်။
“ကျမတို့က အဝေးမှာဆိုတော့ အိမ်မှာ လူမကျန်ခဲ့ တာကြာပြီ။ ကျန်ခဲ့တဲ့ အိမ်ကလည်း မရှိတော့ဘူးလို့ မြေ ပြင်က အသိတွေ ပြောစကားအရ သိရတာ။ ကျန်ခဲ့တဲ့အိမ်ကလည်း သစ်သားအိမ်ဖြစ်တော့ အိမ်တိုင်တွေကိုလည်း ဖြတ်ယူသွားတယ်လို့ ပြောတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် လူမရှိသည့် ကျေးရွာများ၌ အမြောက်တပ်၊ လက်နက်ကြီးတပ်များတပ်ဆင်ထားပြီးနောက် အနီးအနားရှိ နယ်စပ်ကျေးရွာကိုများကို မကြာခဏ လက်နက်ကြီး လှမ်းပစ်လျက်ရှိသည်ဟုလည်း သိရသည်။
စစ်ကောင်စီသည် နေအိမ်များကို ဖြိုဖျက်ရန် မွတ်ဆလင်များကိုခေါ်ယူကာ ဖျက်စီးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့လုပ်ဆောင်နေခြင်းမှာ သူတို့၏ ကိုယ်ကျိုးစီးပွားနှင့် လူမျိုး၊ ဘာသာရေး ပဋိပက္ခဖြစ်ပေါ်လာအောင်ရည်ရွယ်ပြီး လုပ်ဆောင်လာခြင်း ဖြစ်သည်ဟုလည်း ထောက်ပြမှု ရှိနေကြသည်။