စစ်ရေးပဋိပက္ခကြောင့် ဘီးလင်းမြို့နယ်တွင် စာသင်ကျောင်း ၇၀ ကျော် ပိတ်ထားရ

အလူး၊ နှင်းပုလဲ၊ ရင်းအုံ၊ ပျဉ်သာ၊ နတ်ကြီး၊ မဲပလီ၊ ဝီယော်၊ ပိန္နဲတော စသည့် ကျေးရွာများရှိ စာသင်ကျောင်း ၂၀ ကျော်အပြင် ဝေးလံခေါင်ပါးဒေသမှ စာသင်ကျောင်း ၅၃ ကျောင်းကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး ပိတ်လိုက်ရသည်။ 

By Admin 12 Jul 2023

ဘီးလင်းမြို့ပေါ်ရှိ စာသင်ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသားများကို တွေ့ရစဉ်။ ဓာတ်ပုံ - မွန်ပြည်နယ် ပညာရေးမှူးရုံး
ဘီးလင်းမြို့ပေါ်ရှိ စာသင်ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသားများကို တွေ့ရစဉ်။ ဓာတ်ပုံ - မွန်ပြည်နယ် ပညာရေးမှူးရုံး

DMG ၊ ဇူလိုင် ၁၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများကြောင့် အခြေခံပညာ စာသင်ကျောင်း (၇၀)ကျော်ကို လုံခြုံရေးအရပိတ်ထားကြောင်း စုံစမ်းသိရှိရသည်။

ဘီးလင်းမြို့နယ်နှင့် သိမ်ဆိပ်မြို့နယ်ခွဲကြားရှိ အလူး၊ နှင်းပုလဲ၊ ရင်းအုံ၊ ပျဉ်သာ၊ နတ်ကြီး၊ မဲပလီ၊ ဝီယော်၊ ပိန္နဲတော စသည့် ကျေးရွာများရှိ စာသင်ကျောင်း ၂၀ ကျော်အပြင် ဝေးလံခေါင်ပါးဒေသမှ စာသင်ကျောင်း ၅၃ ကျောင်းကို ဇူလိုင်လ ၁ ရက်နေ့ကစပြီး ပိတ်လိုက်ရကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဘီးလင်းမြို့နယ်မှာ မြို့ပေါ်ကလွဲပြီးတော့ ရွာစဉ်အလိုက် တိုက်ပွဲဖြစ်တာနဲ့ နယ်မြေမတည်ငြိမ်တာတွေကြောင့် ဆရာ၊ ဆရာမတွေ မနေရဲတော့ဘူး။ ဒါကြောင့် လုံခြုံရေးအရ စာသင်ကျောင်းတွေ ပိတ်လိုက်တယ်။ စာရင်းအရ ကျေးရွာစာသင်ကျောင်း ၇၃ ကျောင်းကို ပိတ်သိမ်းထားပါတယ်” ဟု ၎င်းကပြောသည်။

ဘီးလင်းမြို့နယ်တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀၂ ကျောင်းရှိပြီး လက်ရှိတွင် စာသင်ကျောင်း ၇၀ ကျော်မှာ လုံးဝပိတ်ထားရသည့် အခြေအနေဖြစ်သည်။

“အခု စာသင်ကျောင်းတွေကို ပိတ်သိမ်းလိုက်တော့ ကလေးတွေအတွက် ပညာသင်ကြားဖို့ အဆင်မပြေတော့ဘူးပေါ့။ မြို့နယ်တစ်ခုလုံးမှာ မြို့နဲ့အနီးဆုံးနေရာတွေပဲ ကျောင်းဖွင့် ဖြစ်တော့တယ်။ ဒီလိုဖြစ်နေတော့ ကလေးငယ်တွေအတွက် ပညာသင်ကြားရေး နောက်ကျတယ်။ စိုးရိမ်စရာဖြစ်တယ် ” ဟု ရင်းအုံကျေးရွာ၊ မူလတန်းပြ ဆရာမတစ်ဦးက ပြောသည်။

စာသင်ကျောင်းများကို မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ကို မသိသေးသဖြင့် ဒေသခံကျောင်းသားများမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည်။

“KNU ထိန်းချုပ်တဲ့ ရွာတွေက စာသင်ကျောင်းတွေကို ပိတ်ထားရတာ” ဟု ပျဉ်သာကျေးရွာ မူလတန်းပြဆရာမတစ်ဦးက ပြောသည်။

ဘီးလင်းမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ယခုဇူလိုင်လ ပထမအပတ်အထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများကြောင့် ဒေသခံသုံးသောင်းခန့်မှာ နီးစပ်ရာတောတောင်အတွင်း ထွက်ပြေးနေရကြောင်း သိရသည်။

#F004

ဗီဒီယိုများ