သိက္ခာရှိသောရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေဟု စစ်ခေါင်းဆောင်ပြော

ဖေဖော်ဝါရီလ ၈ ရက်နေ့က ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နှင့် ငပုတောမြို့နယ်ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖတို့နှင့်တွေ့ဆုံစဉ် စစ်ကောင်စီဥက္ကဌက ယင်းသို့ ပြောကြားခဲ့သည်။

By Admin 09 Feb 2023

သိက္ခာရှိသောရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေဟု စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ - Cincds

DMG ၊ ဖေဖော်ဝါရီ ၉

ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲမှာ သိက္ခာမဲ့သောရွေးကောက်ပွဲ ဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသောရွေးကောက်ပွဲ ကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်နေကြောင်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့က ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နှင့် ငပုတောမြို့နယ်ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖတို့နှင့်တွေ့ဆုံစဉ် စစ်ကောင်စီဥက္ကဌက ယင်းသို့ ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲကျင်းပရန်အတွက် အချို့သော တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ အခက်အခဲတွေရှိနေသေးပြီး ရွေးကောက်ပွဲကိုကျင်းပရာမှာ ပြည်သူလူထုကလက်ခံတဲ့ သိက္ခာရှိတဲ့ရွေးကောက်ပွဲကို ကျင်းပနိုင်ရမယ်” ဟု စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားသည်။

မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနေသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်းနှင့် မိမိတို့၏ဆောင်ရွက်ချက်များကို တစ်ဦးချင်းစီ၏ တာဝန်များအလိုက် အောင်မြင်အောင်လုပ်၍ အလုပ်ဖြင့်သက်သေပြနိုင်ရမည် ဖြစ်ကြောင်းလည်း စစ်ကောင်စီဥက္ကဌက ပြောကြားခဲ့သည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ထောက်ခံမည်ဆိုပါက အာဏာရှင်စနစ် အဓွန့်ရှည်သွားမည်ဖြစ်ကြောင်း ပြောသည်။ 

“ကျနော်တို့ကိုယ်တိုင်က အာဏာရှင်စနစ်ကို အဓွန့်ရှည်ဖို့အတွက် ထောက်တိုင်တစ်ခုဖြစ်သွားမယ်။ အဲဒါကြောင့် ပြည်သူတစ်ရပ်လုံးအနေနဲ့ စစ်အာဏာရှင်က ကျင်းပလာမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု ဦးမျိုးကျော်က ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းမှု ၂ နှစ်မပြည့်မီ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ပြန်လည်အတည်ပြုပြဌာန်းလိုက်ပြီး ထိုဥပဒေသစ်တွင် တစ်နိုင်ငံလုံးအဆင့် ပါတီများအနေဖြင့် ပါတီဝင်အင်အား ၁ သိန်းနှင့် တိုင်းနှင့်ပြည်နယ်အဆင့် ပါတီများမှာ ပါတီဝင်အင်အား ၁,၀၀၀ ရှိရမည်ဖြစ်သည်။ ယင်းအပြင် တစ်နိုင်ငံလုံးအဆင့် ပါတီများအနေဖြင့် ရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ နှင့် တိုင်းနှင့်ပြည်နယ်အဆင့် ပါတီများအနေဖြင့် ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ရှိရမည်ဟု ပါရှိသည်။

အဆိုပါဥပဒေကြောင့် တိုင်းရင်းသားပါတီများအနေဖြင့် ပါတီထူထောင်ရန်ခက်ခဲသွားပြီး ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက စစ်ကောင်စီကသာ အာဏာဆက်လက်ရရှိသွားမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုနေကြသည်။

လာမည့်ရွေးကောက်ပွဲသည် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် အာဏာရအောင်လုပ်ဆောင်နေသော ရွေးကောက်ပွဲဖြစ်သည့်အတွက် အသိအမှတ်ပြုစရာအကြောင်းမရှိဟု ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

“ဒါကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်တဲ့အတွက် ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရဟာလည်း စစ်တပ်ရေရည်အုပ်ချုပ်ဖို့ စစ်မျိုးဆက်တွေရဲ့ အစိုးရ၊ လွှတ်တော်ပဲ ဖြစ်လိမ့်မယ်လို့ ပြောချင်တယ်” ဟု ဦးဖေသန်းက ပြောသည်။

ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ(First Past the Post – FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation – PR) ဖြင့်ပြုလုပ်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။

ရွေးကောက်ပွဲတွင် ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲ,မသမာမှုရှိသည်ဟု အကြောင်းပြကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်သော အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်မှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ၂ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂ နှစ်ပြည့်သည့်အချိန်တွင် အာဏာပြန်လည်လွှဲအပ်ရမည် ဖြစ်သော်လည်း စစ်တပ်က အာဏာပြန်လည်လွှဲပြောင်းပေးခြင်းမရှိဘဲ တိုင်းပြည်သာမန်အခြေအနေမဟုတ်ဟု အကြောင်းပြကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နောက်ထပ် သက်တမ်း ၆ လတိုးကာ အာဏာရယူခဲ့သည်။

#E004

ဗီဒီယိုများ