နေရပ်ပြန်လိုသည့် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များကို ပြည်နယ် ထွေ/အုပ်မှ သဘောထားကောက်ယူနေ 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပလက်ဝမြို့ စစ်ဘေးရှောင်စခန်းများဥက္ကဋ္ဌ ဦးဇာနီထံမှတဆင့် သဘောထားဆန္ဒဖြည့်စွက်ရမည့် အချက်အလက်များပါစာရွက်များကို စစ်ဘေးရှောင်စခန်း တာဝန်ခံများအား လာရောက်ယူခိုင်းခဲ့ခြင်းဖြစ်သည်။ 

By Admin 14 Feb 2023

ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်စခန်းတစ်ခု။ / ဓာတ်ပုံ - Khonumthung Media Group 
ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်စခန်းတစ်ခု။ / ဓာတ်ပုံ - Khonumthung Media Group 

DMG ၊ ဖေဖော်ဝါရီ ၁၄

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ရှောင်စခန်းများ၌ ခိုလှုံနေရသည့် စစ်ဘေးရှောင်များထဲမှ နေရပ်ပြန်လိုသည့် အိမ်ထောင်စုများကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ သဘောထားဆန္ဒကောက်ယူနေကြောင်း စုံစမ်းသိရှိရသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပလက်ဝမြို့ စစ်ဘေးရှောင်စခန်းများဥက္ကဋ္ဌ ဦးဇာနီထံမှတဆင့် သဘောထားဆန္ဒဖြည့်စွက်ရမည့် အချက်အလက်များပါစာရွက်များကို စစ်ဘေးရှောင်စခန်း တာဝန်ခံများအား လာရောက်ယူခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“ကျနော်တို့ကို ၁၀ ရက်နေ့  မနက် ၈ နာရီခွဲလောက်က  ဖုန်းခေါ်လို့ စစ်ဘေးရှောင်ဥက္ကဌ ဦးဇာနီဆီက  စာရွက်သွားယူရတာပါ။ ဒီစာရွက်ထဲမှာပါတဲ့ အချက်လေးချက်ကို ကိုယ်တိုင်ထည့်ပြီး ပေးရမယ်လို့ သူကပြောပါတယ်။ ဒါက မြို့နယ်ထွေအုပ်ကို ပြည်နယ်က အကူအညီတောင်းတာကြောင့်လို့ ပြောပါတယ်။ သူတို့ဘာကြောင့် အခုလို စာရင်းကောက်ယူတာလဲတော့ မသိဘူး။ သူတို့ ကျနော်တို့ကို တကယ်နေရပ်ပြန်ခိုင်းတော့မလို့လားတော့ မသိဘူး” ဟု ပလက်ဝမြို့မှ စစ်ဘေးရှောင်စခန်း တာဝန်ခံတစ်ဦးက ပြောသည်။

သဘောထားဆန္ဒဖြည့်စွက်ခိုင်းသည့် စာရွက်တွင် (၁) မူလနေထိုင်သည့်နေရာသို့ ပြန်လိုသည့် အိမ်ထောင်စု၊ (၂) မိမိစရိတ်ဖြင့် ဝယ်ယူထားသောမြေနေရာသို့ ပြောင်းရွေ့လိုသည့် အိမ်ထောင်စု၊ (၃) အစိုးရစရိတ်ဖြင့်နေထိုင်လိုသော အိမ်ထောင်စု၊ (၄) စခန်းတွင်းနေထိုင်လိုသော အိမ်ထောင်စု ဟူ၍ အချက် (၄) ချက်ပါဝင်ပြီး ယင်းအချက်များအပေါ် မူတည်ပြီး စစ်ဘေးရှောင်များ၏ ဆန္ဒသဘောကို ဖြည့်စွက်ရမည်ဖြစ်သည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ဘေးရှောင်စခန်းများဥက္ကဋ္ဌ ဦးဇာနီကို ဆက်သွယ်ခဲ့ရာ “ကျနော်တို့ကို ထွေ/အုပ်က စာရင်းတောင်းလို့ အခုစာရင်းပြုစုနေလို့ မအားသေးလို့ပါ။ ပြည်နယ်အစိုးရက တောင်းတာပါ။ အဲဒါကို ကျနော်တို့ပြုစုနေတာ” ဟု ပြောသည်။ 

စစ်ဘေးရှောင်များအား သဘောထားဆန္ဒကောက်ယူပြီး မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ DMG က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ 

စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်ကို ပြန်ချင်ကြသော်လည်း အစိုးရအနေဖြင့် စားနပ်ရိက္ခာနှင့် လုပ်ကိုင်စားသောက်ရေးအတွက် မည်သို့ဆောင်ရွက်ပေးမည်ကို စစ်ဘေးရှောင်များက မေးခွန်းထုတ်မှုများရှိနေသည်။ ထို့အပြင် ကျေးရွာတချို့အနီးတွင် မြန်မာစစ်တပ်က စခန်းချထားမှုများရှိနေသောကြောင့် စိုးရိမ်မှုများရှိနေကြကြောင်းလည်း သိရသည်။

“ကျမတို့ ဒီကို စစ်ဘေးလာရှောင်တာ ၅ နှစ်လောက်ရှိပြီ။ ကျမတို့ရွာဆိုရင် အခုလောက်ဆို တောဖြစ်နေလောက်ပြီ။ ပြီးရင် စစ်တပ်ကလည်း စခန်းချထားတာရှိတယ်။ ကျမတို့မှာ နေရပ်ပြန်ရင် ရွာမှာ အိမ်လည်းမရှိဘူး။ လုပ်ကိုင်စားသောက်ဖို့အတွက် တောင်ယာတွေလည်း မရှိဘူး။ တောင်ယာလုပ်မယ်ဆိုရင်လည်း စစ်တပ်က တားမှာကိုလည်း စိုးရိမ်တယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ တစ်ခုခုဆိုရင် သွားရမယ့်လှေတွေလည်း မရှိတော့ဘူး။ ဒါတွေကို အစိုးရအနေနဲ့ ပြန်ပြီးထောက်ပံ့ပေးမယ်ဆိုရင် နေရပ်ပြန်ချင်ပါတယ်” ဟု စိုက်ပျိုးရေးစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေရသော နမဒါကျေးရွာမှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များမှာ မိမိနေရပ်သို့ပြန်သွားပါက တောင်ယာလုပ်ငန်းများနှင့် တောင်ပေါ်တွင် ဝါးခုတ်၊ ထင်းများရှာဖွေကာ လုပ်ကိုင်စားသောက်ရမည်ဖြစ်၍ မိုင်းနှင့်စစ်ကျန်လက်နက်များ၏ အန္တရာယ်နှင့်ကြုံတွေရမည်ကို စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြသည်။ 

“ကျနော်တို့နေရပ်ပြန်ရင် မိုင်းရှင်းလင်းပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျနော်တို့မှာ နေရပ်ပြန်ရင် အလုပ်အကိုင်က တောင်ယာလုပ်ငန်းရယ်၊ တောင်ပေါ်သွားပြီး ဝါးခုတ်၊ ထင်းရှာ အဲလောက်ပဲ ရှိတယ်။ ကျနော်တို့အနေနဲ့ ဝါးသွားခုတ်ရင် မိုင်းနင်းမိမှာ စိုးရိမ်တယ်” ဟု ဝိသုဓာရုံစစ်ဘေးရှောင်စခန်းမှ  စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ဆိုသည်။ 

ချင်းပြည်နယ် စစ်ကောင်စီက နေရပ်ပြန်လိုသည့် သဘောဆန္ဒကောက်ယူနေမှုနှင့် ပတ်သက်၍ စစ်ဘေးရှောင်များမှာ အစည်းအဝေးလုပ်ကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယင်းသို့ဆွေးနွေးရာ စစ်ဘေးရှောင်အိမ်ထောင်စု အများစုမှာ စခန်းအတွင်း ဆက်လက်နေထိုင်လိုသည့်အချက်ကိုသာ ရွေးချယ်ကြပြီး နေရပ်ပြန်လိုသည့်အချက်ကို ရွေးချယ်သော စစ်ဘေးရှောင်အိမ်ထောင်စုမှာ အနည်းငယ်သာရှိကြောင်း သိရသည်။ 

“ကျနော်တို့ သူတို့ အကြောင်းကြားလာတဲ့ စာကိုနားမလည်ဘူး။ ဒါပေမယ့် ကျနော်တို့က မိမိတို့နေရပ်ကို လွမ်းလို့ ပြန်မယ့်သူတွေလည်းရှိသလို အစိုးရချပေးတဲ့နေရာမှာ နေမယ့်သူတွေလည်းရှိတယ်။ ဒါပေမယ့်  နေရပ်ပြန်မယ့်သူတွေက နည်းတယ်။ ဘာလို့လဲဆိုတော့ သူတို့ထင်တာက နေရပ်ပြန်သွားရင် အစိုးရက စားနပ်ရိက္ခာမထောက်ပံ့မှာကို စိုးရိမ်တယ်လေ။ ဒါကြောင့် အစိုးရက ချပေးတဲ့နေရာမှာ နေမယ့်သူတွေက ပိုများတယ်။ ကျနော်လည်း ကိုယ့်ရွာပြန်ရမလား။ အစိုးရက ချပေးတဲ့နေရာမှာပဲ နေရမလား မစဉ်းစားတတ်တော့ဘူး” ဟု ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ချင်းပြည်နယ် စစ်ကောင်စီက ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသည့် အဘောင်သား၊ ရုပ်ဝ၊ လယ်လှ စသည့်ကျေးရွာများမှ ဒေသခံများကို နေရပ်ပြန်ခိုင်းမှုများကြောင့် စစ်ဘေးရှောင်တချို့မှာ နေရပ်ပြန်သွားခဲ့ကြပြီး လက်ရှိမှာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ 

လက်ရှိမှာ ပလက်ဝမြို့နယ်တွင် ဝိသုဓာရုံဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်း၊ ဘောလုံးကွင်း စစ်ဘေးရှောင်စခန်း၊ စိုက်ပျိုးရေး စစ်ဘေးရှောင်စခန်း အပါအဝင် စခန်းစုစုပေါင်း ၂၁ ခုရှိပြီး နှမဒါ၊ နန်းချောင်းထဲရွာ၊ နန်းချောင်းဝရွာ၊ လယ်လှရွာနှင့် သူဌေးကုန်းရွာ အပါအဝင် ကျန်ကျေးရွာတချို့မှ ဒေသခံ ၄,၀၀၀ ကျော် ခိုလှုံနေထိုင်လျက်ရှိသည်။ 

အများစုမှာ ၂၀၁၈ ခုနှစ် တိုက်ပွဲဖြစ်ပွားစဉ်ကပင် လာရောက်ခိုလှုံနေကြခြင်းဖြစ်ပြီး တကျော့ပြန်တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်လာသူများလည်း ပါဝင်ကြောင်း သိရသည်။ 

#I001

ဗီဒီယိုများ