ဆတ်ရိုးကျ သိမ်းဆည်းခံလယ်မြေကိစ္စ ပြန်လည်စိစစ်သွားမည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဆတ်ရိုးကျကျေးရွာအနီးရှိ သိမ်းဆည်းခံလယ်မြေများနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးနိုင်ရန် သက်ဆိုင်ရာအစိုးရနှင့် ပြန်လည်စိစစ်ပေးသွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မေလ ၁၈ ရက်နေ့က အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။

19 May 2020

ခင်သရဖီဦး | DMG
မေ ၁၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဆတ်ရိုးကျကျေးရွာအနီးရှိ သိမ်းဆည်းခံလယ်မြေများနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးနိုင်ရန် သက်ဆိုင်ရာအစိုးရနှင့် ပြန်လည်စိစစ်ပေးသွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မေလ ၁၈ ရက်နေ့က အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။

ဆတ်ရိုးကျကျေးရွာနှင့် ကျေးတောကျေးရွာအုပ်စုမှ ဒေသခံလယ်သမားများပိုင်ဆိုင်သည့် လယ်ယာမြေ ၁၄၂ ဒသမ ၄၉၇ ဧကအား သိမ်းဆည်းခံထားရခြင်းဖြစ်သည်။

“မြေပြင်မှာ စီစစ်သုံးသပ်နိုင်ရေးအတွက် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းရရှှိုမှု ပြန်လည်စိစစ်ရေး ကော်မတီအနေနဲ့ ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်နဲ့အညီ စီမံစစ်ဆေးဆောင်ရွက်နိုင်ရေးနှင့် ကွင်းဆင်းပေးနိုင်ရေးကို သက်ဆိုင်ရာအစိုးရဌာနနဲ့ ပြန်လည်စိစစ်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးလှကျော်က ပြောသည်။

အဆိုပါ လယ်မြေများကို ၁၉၉၃ ခုနှစ်က စက်မှုဇုန်တည်ဆောက်ရန်အတွက် ဒေသခံလယ်သမား ၂၃ ဦးထံမှ တန်ကြေး တစ်စုံတစ်ရာ ပေးချေခြင်းမရှိဘဲ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

၎င်းလယ်ယာမြေများအား ယခုအစိုးရလက်ထက်တွင်လည်း တစ်စုံတစ်ရာ လုပ်ဆောင်ခြင်းမရှိသောကြောင့် ပိုင်ရှင်များဖြစ်သည့် လယ်သမားများအနေဖြင့် မြေယာများကို ပြန်လည်စစ်ဆေးပေးအပ်စေချင်ကြောင်းနှင့် ထိုက်တန်သည့် လျော်ကြေးငွေများကိုလည်း လိုအပ်နေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က မေလ ၁၈ ရက်နေ့က အမျိုးသားလွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည်။

“လယ်သမားတွေအနေနဲ့လည်း မြေပြင်ကိုသာ ကွင်းဆင်းစိစစ်ပြီး ထိုက်သင့်တဲ့ လျော်ကြေးငွေကို မျှော်လင့် ထားပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အလီလီပြောင်းလဲသွားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကလည်း အဆင့်ဆင့်ပြောင်းသွားပါတယ်။ သို့ပေမဲ့ တစ်ခါမှ ကွင်းဆင်းမစစ်ဆေးတာ အကြောင်းရှိပါတယ်”ဟု ဦးခင်မောင်လတ်က ဆိုသည်။

ယခုကဲ့သို့ ကွင်းဆင်းမစစ်ဆေးခြင်းမှာ ၎င်းမြေယာကိစ္စတွင် အစိုးရပိုင်း၊ လွှတ်တော်ပိုင်းနှင့် သူဌေးကြီးများ ပါဝင်နေခြင်းကြောင့်ဖြစ်သည်ဟု ၎င်းကဆက်၍ပြောကြားခဲ့သည်။

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီအနေနှင့် ကော်မတီအဆင့်ဆင့်မှ တင်ပြချက်များအရ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြည်နယ်အစိုးရအနေဖြင့် တစ်ဧကကို ငွေကျပ် သိန်း ၃၀ ဖြင့် လျော်ကြေးပေးရန် ဆုံးဖြတ်ခဲ့သော်လည်း လယ်သမားများမှ သဘောမတူခဲ့ပေ။

ယခုကဲ့သို့ စက်မှုဇုန်တည်ဆောက်ရန် သိမ်းဆည်းထားသည့်လယ်မြေများကို စက်ရုံမတည်ဆောက်ပါက လက်ရှိကာလပေါက်ဈေးအတိုင်းလျော်ကြေးပေးရန် (သို့မဟုတ်) လယ်ယာမြေကို ပြန်လည်ပေးစေချင်ကြောင်း မြေယာသိမ်းဆည်းခံထားရသည့် ကျေးတောကျေးရွာမှ ဦးလှထွန်းမောင်က ဆိုသည်။

“တစ်စုံတစ်ရာ အကြောင်းကြားတာ မရှိသေးပါဘူး။ ကျနော်တို့ တောင်းဆိုထားတာက အဆောက်ဦးမဆောက်တဲ့ နေရာတွေကို မြေပိုင်ရှင်တွေကိုပြန်ပေးပေါ့။ ဒါမှမဟုတ် အခုကာလပေါက်စေအတိုင်း ပေးစေချင်တာပါ ” ဟု ၎င်းက ပြောသည်။

လက်ရှိမှာ သိမ်းဆည်းခံထားရသည့် လယ်ယာမြေအချို့တွင် အဆောက်အဦးအချို့ဆောက်လုပ်ထားကာ ကျန်လယ်မြေများကို အိမ်ယာမြေပုံစံ ခြံခတ်ထားလျက်ရှိသည်။

ဗီဒီယိုများ