- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
- အီရန်ရှိ နျူကလီးယားစီမံကိန်း နေရာသုံးခုကို အမေရိကန် ဗုံးကြဲ
စစ်တွေဒေသခံ ၁၀ ဦးထက်မနည်းကို AA သံသယဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီချ
အာရက္ခတပ်တော်နှင့် ဆက်စပ်သည်ဟုဆိုပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နှင့် တရားစွဲ ဆိုခံထားရသည့် စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေသခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။
10 Jan 2025

DMG ၊ ဇန်နဝါရီ ၁၀
အာရက္ခတပ်တော်နှင့် ဆက်စပ်သည်ဟုဆိုပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နှင့် တရားစွဲ ဆိုခံထားရသည့် စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ ဒေသခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဇွန် ၁၆ တွင် မင်းဂံရပ်ကွက် (အကွက် ၅၊ ၈၊ ၉၊ ၁၀) တို့မှ နေအိမ်များကို စစ်ကောင်စီက ဝင်ရောက်ပြီး ဒေသခံ ၂၀၀ ခန့်ကို ဖမ်းဆီးသွားပြီးနောက် အများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း ဒေသခံ ၄၀ ကျော်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းအထဲမှ ၁၀ ဦးထက်မနည်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၃ ရက်အတွင်း စစ်ဆေးခဲ့ပြီးနောက် စစ်တွေမြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၃ နှစ်စီချ မှတ်လိုက်ခြင်းဖြစ်သည်ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။
“စစ်တွေ မြို့နယ်တရားရုံးကနေ ၁၇ (၁) နဲ့ ၃ နှစ်စီချ လိုက်တာပါ။ ကျန်တဲ့လူတွေကိုတော့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ နာမည်ကိုတော့ အတိကျမသိရသေးဘူး” ဟု ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့် မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီသည် စစ်တွေမြို့ခံများကို AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးမှု များရှိခဲ့သည်။ အဆိုပါ ဒေသခံများမှာ သာမာန်အရပ်သားများ သာဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မင်းဂံရပ်ကွက်နေ အမျိုးသမီးတစ်ဦးက “စစ်တွေမှာတော့ စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ ဒေသခံတွေ ရာနဲ့ချီရှိခဲ့တယ်။ ကျမသိသလောက်ဆိုရင် မင်းဂံက လူတွေဟာ သာမာန်အရပ်သားတွေဖြစ်ပါတယ်။ ကျမအသိတွေလည်း ဖမ်းဆီး ခံရဆဲဖြစ်တယ်။ ဘယ် AA နဲ့မှ ပတ်သက်တာမရှိဘူး” ဟု ပြောသည်။
ထိုနည်းတူ စစ်ကောင်စီသည် စစ်တွေဗျိုင်းဖြူကျေးရွာသား ၂၉၅ ဦးကိုလည်း ၂၀၂၄ စက်တင်ဘာလက စစ်တွေထောင်တွင်း အထူးရားရုံးကနေ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)နှင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့သည်။
လက်ရှိတွင်လည်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် လမ်းခရီးသွားလာခွင့်ပိတ်ဆို့ပြီး လုံခြုံရေးတင်းကျပ်ထားကာ ဧည့်စာရင်း၊ အိမ်ထောင်စုစာရင်းအကြောင်းပြ၍ ဖမ်းဆီးငွေညှစ်မှု၊ ပုဒ်မ အမျိုးမျိုးတပ်ပြီး အမှုဖွင့်အရေးယူမှု လုပ်ဆောင်လျက်ရှိနေသည်။
တစ်ဖက်မှာလည်း စစ်ကောင်စီထံ ဖမ်းဆီးခံရသည့်ဒေသခံများကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရှိရသည့်အပြင် မိသားစုဝင်များနှင့်လည်း အဆက်သွယ်မရ ဖြစ်နေကြသည်။
ဒီဇင်ဘာ ၂၇ ရက်နေ့က ဆတ်ရိုးကျ (ကယ်ဆယ်ရေး) ရပ်ကွက်မှ ဒေသခံလူငယ် ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားခဲ့ပြီး ယနေ့အချိန်ထိ ပျောက်ဆုံးနေသည်။
မိသားစုဝင်တစ်ဦးက “ ဖမ်းဆီးခံရသူတွေ အဆက်သွယ်မရဘဲ ပျောက်သွားတယ်။ ဆိုတော့ မိသားစုတွေ မှာတော့ သူတို့ရဲ့ အသက်အန္တရာယ်အတွက် အများကြီး စိုးရိမ်တာပေါ့” ဟု ပြောသည်။
စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ နှစ်ဖက်စစ်ရေးတင်းမာမှုနှင့်အတူ တိုက်ပွဲမကြာခဏ ဖြစ်ပွားမှုများရှိနေသည်။
DMG ၏ စာရင်းအရ စစ်တွေမြို့နယ်တွင် မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ နှစ်လတာအတွင်း စစ်ကောင်စီက ဒေသခံ ၇၀၀ ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ယင်းထဲမှ ၃၀၀ ခန့်သာ ပြန်လွတ်လာ ခဲ့သည်။