စစ်တွေမြို့ကို ငွေကျပ်သုံးဘီလီယံကျော် အသုံးပြု၍ အဆင့်မြှင့်နေကြောင်း စစ်ကောင်စီပြော 

ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့ သန့်ရှင်းသာယာရေးအတွက် အဆင့်မြှင့်ရေးလုပ်ငန်းများကို ငွေကျပ် ၃ ဒသမ ၅ ဘီလီယံ သုံးစွဲပြီး စတင်လုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီက ပြောသည်။

By Admin 27 Oct 2023

စစ်တွေမြို့ကို ငွေကျပ်သုံးဘီလီယံကျော် အသုံးပြု၍ အဆင့်မြှင့်နေကြောင်း စစ်ကောင်စီပြော 

DMG ၊ အောက်တိုဘာ ၂၇

ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့ သန့်ရှင်းသာယာရေးအတွက် အဆင့်မြှင့်ရေးလုပ်ငန်းများကို ငွေကျပ် ၃ ဒသမ ၅ ဘီလီယံ သုံးစွဲပြီး စတင်လုပ်ဆောင်နေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။

အဆိုပါလုပ်ငန်းများကို ပြည်နယ်စစ်ကောင်စီ ရန်ပုံငွေမှ သုံးစွဲခြင်းဖြစ်ပြီး မေယုလမ်းမကြီး၊ ရှုခင်းသာလမ်း၊ မြို့တွင်း ရေစီးရေလာစနစ်၊ မြို့တော်သန့်ရှင်းသာယာရေး စသည့်ကဏ္ဍများ ပါဝင်ကြောင်း ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက DMG ကို ပြောသည်။

“စစ်တွေမြို့အတွက် ငွေ ၃ ဒသမ ၅ ဘီလီယံလောက် သုံးမယ်။ ပြည်နယ်မြို့တော်ကို မြို့တော်အင်္ဂါရပ်နဲ့ညီအောင် ငါတို့မှာရှိတဲ့၊ ရှာကြံထားတဲ့ ဘတ်ဂျက်တွေကို အသုံးပြုသွားမှာ။ တကယ်တော့ စစ်တွေမြို့ အဆင့်မြှင့်တင်မယ်ဆိုရင် ဒီငွေပမာဏနဲ့ မရဘူး။ ဘီလီယံ ၃၀၀ လောက်မှရမယ်။ ဒါပေမယ့် အစိုးရကတော့ ရသလောက်လုပ်မယ်ဆိုပြီး လုပ်နေတာဖြစ်တယ်” ဟု ဦးလှသိန်းက ပြောသည်။

လမ်းအဆင့်မြှင့်တင်ရာတွင် နမူနာအားဖြင့် လောကာနန္ဒာမီးပွိုင့်မှနေ၍ ရခိုင်ပြည်နယ်အစိုးရရုံးရှေ့အထိ အခြားမြို့ကြီးများကဲ့သို့ လမ်းအလယ်တွင် ကပ်တုံးများချကာ စမ်းသပ်လုပ်ဆောင်သွားမည်ဟု ၎င်းကဆက်ပြောသည်။ 

“အခု မိုခါအလွန်မှာ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့ကို အဆင့်မြှင့်တင်ရေး ရက်(၉၀)စီမံကိန်း စနေပြီ။ အဲဒီမှာ နံပါတ်တစ်အနေနဲ့ စစ်တွေမြို့ရဲ့ ရေဆင်းကောင်းအောင်လုပ်မယ်။ နောက်တစ်ခုက လမ်းတွေကောင်းအောင်လုပ်မယ်။ မြို့သန့်ရှင်းသာယာရေးအတွက် လမ်းတွေမှာ အလယ်ကျွန်းတွေ၊ ပန်းပင်လေးတွေစိုက်တာ လုပ်မယ်” ဟု ဦးလှသိန်းက ပြောသည်။

စစ်တွေမြို့ ရက် (၉၀) အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် မိုခါကြောင့် ပျက်စီးသွားသည့် ပွိုင့်ကမ်းခြေမှ စစ်တွေဟိုတယ်အရှေ့ထိ လမ်းတွင်လည်း လူသွားလမ်းပလက်ဖောင်းကို အကျယ် ၁၀ ပေအထိ တိုးချဲ့မည်ဟုလည်း သိရသည်။

မြို့တော်အင်္ဂါရပ်နှင့်ပြည့်စုံရေး လုပ်ဆောင်ရာတွင် အဂတိလိုက်စားမှုများ ကင်းရှင်းရန်လိုအပ်ပြီး အရည်အသွေး ပြည့်မီသော လမ်းများနှင့် အခြားကဏ္ဍများတွင်လည်း တာရှည်ခိုင်ခန့်စေရေးအတွက် စနစ်တကျ ပြုလုပ်ရန်လိုအပ်ကြောင်း မြို့ခံများကပြောသည်။

စစ်တွေမြို့ သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့မှ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက “လက်ရှိမှာ စစ်တွေမြို့က  မိုခါနဲ့ သဘာဝပတ်ဝန်းကျင် တော်တော်ပျက်စီးသွားတယ်။ ဒါတွေကို ပြန်ထိန်းသိမ်းဖို့လိုတယ်။ ပြီးတော့ မိုးနည်းနည်းရွာတာနဲ့ စစ်တွေက လမ်းတွေမှာ ရေပြည့်တယ်။ ဒါတွေကို ရေမြောင်းတွေ စနစ်တကျလုပ်ဖို့လိုတယ်။ စစ်တွေမြို့လယ်ချောင်းရှိပါလျက်နဲ့ မိုးရွာတဲ့အခါ ရေတွေက ချောင်းကနေ မြစ်ကို မစီးဆင်းတဲ့အခါ မြို့ထက်က ရေမပြည့်သင့်တဲ့နေရာတွေမှာ ပြည့်နေတယ်။ ဒါတွေကိုလည်း ဦးစားပေးလုပ်ဖို့လိုပါတယ်” ဟု အကြံပြုသည်။

ရခိုင်ပြည်နယ် စစ်ကောင်စီအနေဖြင့် ရခိုင်ဒေသတွင် “မိုခါ” မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ဆက်လက်ပြီး နဂိုထက် သာလွန်ကောင်းမွန်အောင် ကြိုးစားလျက်ရှိကြောင်း ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းက ပြီးခဲ့သည့် စက်တင်ဘာလက ပြောဆိုထားသည်။

#I003 #DMG

ဗီဒီယိုများ