စစ်တွေတွင် ရေရှားပါးမှုမဖြစ်ရေး မြေအောက်ရေသုံးစွဲနိုင်အောင် ပညာရှင်များဖြင့် ဆောင်ရွက်နေ

စစ်တွေမြို့တွင် နွေရာသီကာလအတွင်း ရေရှားပါးမှုပြဿနာကို နှစ်စဉ်ကြုံတွေ့နေရသောကြောင့် မြို့ပြနေလူထု အဆင်ပြေစေရေးအတွက် မြေအောက်ရေထုတ်ယူသုံးစွဲနိုင်အောင် ပညာရှင်များဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။ 

By Admin 11 Mar 2023

စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာအနီး မြေအောက်ရေထုတ်ယူသုံးစွဲနိုင်ရန် ဆောင်ရွက်နေမှုအခြေနေအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - အောင်ဟိန်းထွန်း (Facebook)
စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာအနီး မြေအောက်ရေထုတ်ယူသုံးစွဲနိုင်ရန် ဆောင်ရွက်နေမှုအခြေနေအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - အောင်ဟိန်းထွန်း (Facebook)

DMG ၊ မတ် ၁၁

ရခိုင်ပြည် စစ်တွေမြို့တွင် နွေရာသီကာလအတွင်း ရေရှားပါးမှုပြဿနာကို နှစ်စဉ်ကြုံတွေ့နေရသောကြောင့် မြို့ပြနေလူထု အဆင်ပြေစေရေးအတွက် မြေအောက်ရေထုတ်ယူသုံးစွဲနိုင်အောင် ပညာရှင်များဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။ 

လက်ရှိတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ရေအရင်းအမြစ်ပညာရှင်၊ ဆည်မြောင်းပညာရှင်၊ မြေပညာရှင်များဖြင့် ဆန်းစစ်သုတေသနပြုလုပ်နေပြီး မကြာမီအချိန်တွင် မြေအောက်ရေသုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့မှ စုံစမ်းသိရှိရသည်။ 

“သိပ်မကြာခင် အဆင်ပြေလာနိုင်ခြေရှိပါတယ်။ ပညာရှင် နှစ်ဖွဲ့၊ သုံးဖွဲ့ပေါ့။ ရေအရင်းအမြစ်ပညာရှင်ရော၊ ဆည်မြောင်းပညာရှင်ရော၊ မြေပညာရှင်တွေရောပါတယ်”  ဟု ပြည်နယ်စစ်ကောင်စီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

မြေအောက်ရေထုတ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်ရန်အတွက် ပညာရှင်များမှာ မတ်လ ပထမအပတ်အတွင်း စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ကြပြီး မြေအောက်ရေထုတ်ယူရာတွင် လိုအပ်သည့် စက်ယန္တရားများမှာလည်း ယခုရက်ပိုင်းအတွင်း ရောက်ရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

မြေအောက်ရေထုတ်ယူရာတွင် သဘာဝပတ်ဝန်းကျင်အား မထိခိုက်စေရန်အတွက်လည်း ပညာရှင်များက စနစ်တကျ လုပ်ဆောင်သွားမည်ဖြစ်ပြီး ထုတ်ယူမည့် မြေအောက်ရေအား စစ်တွေမြို့ရှိ ကန်တော်ကြီးရေကန်တွင် သိုလှောင်မည်ကာ မြို့နေလူထုအား ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်တွေမြို့ရေရရှိရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများသည် ကန်တော်ကြီးနှင့် ပေ ၃၀၀၀ ခန့်အကွာရှိ သင်္ဂနက်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်နေရာများတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ပွိုင့် (၇) နေရာသတ်မှတ်ကာ ဆန်းစစ်သုတေသနပြုတိုင်းတာခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာတွင် မတ်လ ၃ ရက်နေ့က ရေးသားဖော်ပြခဲ့သည်။ 

စစ်တွေမြို့ရှိ ပြည်သူများ ရေလုံလောက်စွာ အသုံးပြုနိုင်ရေးအတွက် မြေအောက်ရေထုတ်ယူသုံးစွဲပြီး ပေးဝေမည်ဆိုပါက ရေသန့်ရှင်းရန်လိုအပ်ပြီး သဘာဝပတ်ဝန်းကျင် မထိခိုက်ရအောင် လုပ်ဆောင်သင့်ကြောင်း စစ်တွေဒေသခံများက ပြောသည်။ 

“ရေက မရှိမဖြစ်လိုအပ်တယ်။ နိုင်ငံတစ်နိုင်ငံမှာ ရေနဲ့မီးက အရေးအကြီးဆုံးပဲ။ ဒေသခံတွေအတွက် ရေသန့်ရှင်းဖို့လည်း အဓိကလိုတယ်။ ရေမသန့်ရင် ပြည်သူတွေ ဒုက္ခရောက်မယ်။ မြို့သူမြို့သားတွေ ရေအခက်ခဲမဖြစ်ရအောင် စိတ်ကောင်း၊ နှလုံးကောင်းနဲ့ လုပ်ပေးတာကတော့ ကောင်းပါတယ်” ဟု စစ်တွေမြို့မှ ကိုမောင်ငယ်က ပြောသည်။ 

စစ်တွေမြို့မှ ဒေသခံများမှာ ကန်တော်ကြီးနှင့် ဆတ်ရိုးကျရေကန်ကို အဓိကအသုံးပြုကြပြီး လက်ရှိတွင် ကန်တော်ကြီးရေကန်မှာ ခမ်းခြောက်လျက်ရှိပြီး ဆတ်ရိုးကျရေကန်မှာလည်း စနစ်တကျထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ရေသန့်ရှင်းမှုမရှိသဖြင့် မြို့နေလူထုအနေဖြင့် သောက်သုံးရေအခက်ခဲများနှင့် ကြုံတွေ့နေကြရသည်။ 

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယခုနှစ် ဒုတိယအကြိမ် ရခိုင်ပြည်ခရီးစဉ်အတွင်း စစ်တွေတွင် ရေရှားပါးမှု မဖြစ်ပေါ်စေရေး၊ ကန်တော်ကြီးရေ မပြတ်လတ်စေရေးကိစ္စနှင့်ပတ်သက်ပြီး ဆောင်ရွက်သွားရမည့်ကိစ္စများကို ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်များအား ညွှန်ကြားမှုများ ရှိခဲ့သည်။ 

#R005

ဗီဒီယိုများ