စစ်တွေတွင် ရေရှားပါးမှုမဖြစ်စေရေး စစ်ကောင်စီဆောင်ရွက်မည့်ကိစ္စ အပြောသက်သက်မဖြစ်ရန်လိုအပ်ဟု ဒေသခံများပြော

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရခိုင်ပြည်ခရီးစဉ်အတွင်း စစ်တွေမြို့တွင် ရေရှားပါးမှုမဖြစ်ပေါ်စေရေး၊ ကန်တော်ကြီးရေမပြတ်လပ်စေရေး ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည်များကို ပြောဆိုခဲ့သည်။

By Admin 02 Mar 2023

ဓာတ်ပုံ - ရခိုင်နေ့စဉ်။
ဓာတ်ပုံ - ရခိုင်နေ့စဉ်။

DMG ၊ မတ် ၂

နွေရာသီရောက်တိုင်း ရေရှားပါးမှုနှင့်ကြုံတွေ့နေရသော စစ်တွေမြို့တွင် ရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် စစ်ကောင်စီက ဆောင်ရွက်သွားမည့်ကိစ္စမှာ အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်ဖို့ လိုအပ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရခိုင်ပြည်ခရီးစဉ်အတွင်း စစ်တွေမြို့တွင် ရေရှားပါးမှုမဖြစ်ပေါ်စေရေး၊ ကန်တော်ကြီးရေမပြတ်လပ်စေရေး ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည်များကို ပြောဆိုခဲ့သည်။

ကန်တော်ကြီးရေကန်အနီးတဝိုက်တွင် ခေတ်မီစက်ကိရိယာများဖြင့် မြေအောက်ရေ ရှာဖွေတူးဖော်ပြီး ရေကန်၌ဖြည့်တင်းကာ မြို့ပေါ်ရပ်ကွက်များကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ကန်တော်ကြီးရေကန်ကို တူးဖော်ရန်နှင့် ပုဏ္ဏားကျွန်းမြို့ယ်ရှိ ခမီကြိမ်ချောင်းဆည်မှရေကို စစ်တွေကန်တော်ကြီးသို့ ပိုက်သွယ်တန်း ဖြည့်တင်းကာ ရေဖြန့်ဝေနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဌက ပြောဆိုခဲ့သည်။

“ရေချိုကိုသိုလှောင်ပြီး ဖြန့်ဖြူးပေးတဲ့နည်းလမ်းအပြင် ဒေသတွင်းရှိရေငန်ကို ရေချိုသုံးရေအဖြစ် ပြောင်းလဲအသုံးပြုနိုင်မယ့် နည်းလမ်းတွေကိုလည်း စဉ်းစားဆောင်ရွက်ကြရမှာဖြစ်တယ်” ဟု စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

နှစ်စဉ်ရေရှားပါးမှုပြဿနာကို စစ်ကောင်စီက ဆောင်ရွက်သွားမည်ဟု ပြောဆိုမှုမှာ ကောင်းမွန်သော်လည်း လက်တွေ့တွင် ပညာရှင်များနှင့် စနစ်တကျ အစီအစဉ်ရေးဆွဲကာ လုပ်ဆောင်သင့်ကြောင်း စစ်တွေဒေသခံ ကိုအေးနိုင်က ပြောသည်။

“နိုင်ငံတော်အဆင့်အနေနဲ့ မလုပ်ပေးဘဲ ပြောရုံသက်သက်ကတော့ ဘာမှထိရောက်မှုရှိမှာ မဟုတ်ဘူး။ အမှန်တကယ်လုပ်ပေးမယ်ဆိုရင် နိုင်ငံတော်ကနေပြီးတော့ ထိထိရောက်ရောက် အစီအစဉ်တွေရေးဆွဲပြီး ပညာရှင်တွေနဲ့လုပ်မှ ဒီရေကိစ္စက အဆင်ပြေမယ်” ဟု ကိုအေးနိုင်က ပြောသည်။

ရေငန်ကို ရေချိုအဖြစ် ပြောင်းအသုံးမည် ဆိုသည့်ကိစ္စမှာ အဆင့်မြင့် မြစ်ရေတင်စနစ်များဖြင့် အဆင့်ဆင့်လုပ်ဆောင်ရမည်ဖြစ်ပြီး ငွေကြေးကုန်ကျမှု များပြားသည့်အပြင် လျှပ်စစ်မီး အချိန်ပြည့်ရရှိရန် စသည့် လိုအပ်ချက်များရှိကြောင်း ပြောဆိုနေကြသည်။

ထိုကိစ္စများအတွက် လိုအပ်သည့်ငွေကြေးများကို စစ်ကောင်စီက ထောက်ပံ့ကာ လုပ်ဆောင်မည်ဆိုပါက အကောင်အထည်ပေါ်လာမည်ဖြစ်ကြောင်း စစ်တွေမြို့ရှိ “ဇော်” ရေသန့်စက်ရုံပိုင်ရှင် ဦးဇော်နိုင်ထွန်းက ထောက်ပြသည်။

“ပင်လယ်ရေကို (ရေချိုအဖြစ်) ထုတ်မယ်ဆိုလို့ရှိရင် အဆင့်ဆင့်လုပ်ရမှာ။  အဆင့်အနည်းဆုံး ၅ ဆင့်လောက် ပြောင်းရမယ်ထင်တယ်။ အဆင့်မြင့်ရေစစ်စက်စနစ်နဲ့ အဆင့်ဆင့်လုပ်မှ အခုသောက်နေတဲ့ ရေပုံစံမျိုးထွက်လာမှာ။ အစိုးရက ဘတ်ဂျတ်အများကြီး သုံးပေးဖို့လိုတယ်။ ကောင်းကောင်းမွန်မွန် လုပ်မယ်ဆိုရင်တော့ ဒီရေကိစ္စက အကောင်ထည်ပေါ်နိုင်ပါတယ်။ ပုဂ္ဂလိကအနေနဲ့လုပ်ဖို့ကတော့ ငွေအကုန်အကျများတာကြောင့် အဆင်ပြေမှာ မဟုတ်ပါဘူး” ဟု ဦးဇော်နိုင်ထွန်းက ပြောသည်။

စစ်တွေမြို့တွင် ရေရှားပါးမှု မဖြစ်စေရန်အတွက် ကန်တော်ကြီးရေကန်ကို နှစ်စဉ်နှစ်တိုင်း တူးဖော်မှုများ လုပ်ဆောင်သော်လည်း နွေရာသီရောက်တိုင်း မြို့ပေါ်ရေရှားပါးမှုပြဿနာကို ကြုံတွေ့နေရဆဲဖြစ်သည်။

လက်ရှိ နွေရာသီကူးပြောင်းစမှာပင် ကန်တော်ကြီး၊ ဓညဝတီ၊ အာဂျိတ်တော်ကုန်း၊ ရွာသာယာ၊ မိဇံ စသည့်ရပ်ကွက်တို့တွင် ကန်တော်ကြီးရေ ပုံမှန်မရရှိတော့သဖြင့် ရေအခက်အခဲနှင့် ကြုံတွေ့နေကြရပြီဖြစ်သည်။ 

ကန်တော်ကြီးရေမခမ်းခြောက်ရေးနှင့် ရေရှားပါးမှု မဖြစ်ပေါ်စေရေးအတွက် ရေငန်ကို ရေချိုအဖြစ် ပြောင်းလဲလုပ်ဆောင်သွားမည့်အစား မြေအောက်ရေတူးဖော်ပြီး ရေဖြန့်ဝေခြင်းက ပိုမိုကောင်းမွန်သည်ဟု စစ်တွေမြို့မိမြို့ဖ ဦးမောင်သာစိန်က ပြောသည်။

“ရေငန်ကို ရေချိုအဖြစ် ပြောင်းလဲလုပ်မှာက နိုင်ငံတော်ကသာ ကူညီမယ်ဆိုရင်ရတယ်။ ငွေကြေးကအကုန်ကျများမယ်။ မြေအောက်ရေတူးဖော်ပြီးဖြန့်ဝေတာက အချိန်မကြာမြင့်တော့သလို ရေပြဿနာကိုလည်း အမြန်ဆုံးဖြေရှင်းပေးနိုင်မှာဖြစ်တယ်” ဟု ဦးမောင်သာစိန်က ရှုမြင်သည်။

စစ်တွေမြို့အတွင်း ရေရရှိရေး စစ်ခေါင်းဆောင်ပြောကြားချက်များနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်သွားမည်ကို သိရှိနိုင်ရန်အတွက်  ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးကျော်မိုးအား DMG မှ ဆက်သွယ်မေးမြန်းရာတွင် “ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောဆိုခဲ့တဲ့ ရေပေးဝေရေးကိစ္စနဲ့ ပတ်သက်လို့ လက်ရှိမှာ စတင်လုပ်ဆောင်ဖို့ ပြင်ဆင်နေဆဲဖြစ်တဲ့အတွက် အသေးစိတ်ကို ပြောပြလို့မရသေးဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

စစ်တွေကန်တော်ကြီးမှာ မိုးရေလှောင်ကန်ဖြစ်ပြီး စိမ့်ရေမထွက်သဖြင့် ရေကုန်ခမ်းသွားလျှင် အစားထိုးဖြည့်တင်းရန် အခက်အခဲရှိနေပြီး ကန်တော်ကြီးရေခမ်းခြောက်မှုမှာလည်း တစ်နှစ်ထက်တစ်နှစ် ဆိုးရွာလာနေသဖြင့် ထိုပြဿနာကို အမြန်ဆုံးဖြေရှင်းပေးရန် ဒေသခံများက လိုလားနေကြည်။ 

#R005

ဗီဒီယိုများ