ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ ရပ်တန့်ပြီးနောက် နေရပ်ပြန်သည့် စစ်ဘေးရှောင် ၅,၀၀၀ ခန့်ရှိလာ

နေရပ်ပြန်သူတို့မှာ လက်ရှိတွင် အခက်အခဲမျိုးစုံဖြင့် ကြုံနေရကြောင်း DMG သတင်းဌာနသို့ ပြောဆိုကြသည်။ 

By Admin 04 Mar 2023

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များ နေရပ်ပြန်ရန် စစ်ကောင်စီက အခမ်းအနားပြုလုပ်နေပုံ။ ဓာတ်ပုံ - ရခိုင်နေ့စဉ်
ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များ နေရပ်ပြန်ရန် စစ်ကောင်စီက အခမ်းအနားပြုလုပ်နေပုံ။ ဓာတ်ပုံ - ရခိုင်နေ့စဉ်

DMG ၊ မတ် ၄

လူသားချင်းစာနာမှုကိုအခြေခံကာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ယာယီ အပစ်ရပ်စဲပြီးနောက် ၃ လကျော်အတွင်း စစ်ကောင်စီအစီအစဉ်ဖြင့် စစ်ဘေးရှောင်စခန်းအသီးသီးမှ နေရပ်သို့ ပြန်သွားကြသည့် လူဦးရေ ၅,၀၀၀ ခန့် ရှိလာနေပြီဖြစ်သည်။ 

၎င်းတို့မှာ ရခိုင်ပြည် အမ်းမြို့နယ်မှ ၂၀၀ ကျော်၊ မင်းပြားမြို့နယ်မှ ၂,၃၀၀ ကျော်၊ မြေပုံမြို့နယ်မှ ၉၀၀ ကျော်၊  ပုဏ္ဏားကျွန်းမြို့နယ်မှ ၅၀၀ ကျော်နှင့် ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှ ၈၀၀ ကျော် တို့ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည့်စာရင်းအရ သိရသည်။

မြန်မာစစ်တပ် အပါအဝင် ထွေအုပ်၊ ဘေးစီမံ စသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် “ဒေသတည်ငြိမ်အေးချမ်းနေပြီ” ဟုဆိုကာ အိမ်ထောင်စုတစ်စုကို ငွေကျပ် ၅ သိန်း၊ လမ်းစရိတ် ၁ သိန်းနှင့် စားနပ်ရိက္ခာ တစ်လစာ ထောက်ပံ့ပြီး နေရပ်ပြန်ခိုင်းခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

နေရပ်ပြန်သူတို့မှာ လက်ရှိတွင် အခက်အခဲမျိုးစုံဖြင့် ကြုံနေရကြောင်း DMG သတင်းဌာနသို့ ပြောဆိုကြသည်။ 

အမ်းမြို့နယ် ရွာမပြင်ကျေးရွာမှ နေရပ်ပြန်စစ်ဘေးရှောင်တစ်ဦးက “အခုက သူ(စစ်ကောင်စီ)က ပေးတဲ့ စားနပ်ရိက္ခာတွေလည်း ကုန်သွားပြီ။ လယ်ယာမြေတွေ၊ ဥယျာဉ်တွေမှာလည်း မိုင်းအန္တရာယ် စိုးရိမ်ရတယ်။ သူ(စစ်ကောင်စီ)က မိုင်းရှင်းလင်းပေမယ့် အမ်း-ဒါးလက်ကားလမ်း လက်ဝဲလက်ယာလောက်ပဲ ရှင်းတယ်။ ကျနော်တို့ လုပ်ကိုင်စားသောက်တဲ့ ဥယျာဉ်တွေမှာ ရှင်းလင်းတာမရှိဘူး။ အခုက ဖြစ်သလိုစားသောက်နေရတယ်” ဟု ပြောသည်။ ၎င်းတို့ကို စစ်ကောင်စီက ငွေကျပ်ခြောက်သိန်းနှင့် ဆန်တစ်လစာ ထောက်ပံ့ပေးကာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂ ရက်နေ့က နေရပ်ပြန်ခိုင်းခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ ဝန်ကြီးများဖြစ်သော လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ်  ဦးထိန်လင်း တို့သည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ရခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်းကို သွားရောက်ပြီး နေရပ်ပြန်ရန် ဖိအားပေးမှုများရှိခဲ့သည်။

“သူတို့(စစ်ကောင်စီ)က နေရပ်ပြန်ဖို့အတွက် ငွေ ၆ သိန်းနဲ့ စားနပ်ရိက္ခာ ၁ လစာ ပေးပါတယ်။ ဒါပေမယ့် အဲဒီ ငွေ ၆ သိန်းနဲ့ ဘယ်အဆင်ပြေပါမလဲ။ ကျမတို့ကို ‘စစ်ဘေးရှောင်တွေ နေရပ်မပြန်လို့မရဘူး’ ဆိုပြီးတော့ပြောလို့ ပြန်လာရတာ။ ရွာတွေမှာလည်း မိုင်းရှင်းပေးခဲ့တာ မရှိတဲ့အတွက် အပြင်ကိုထွက်ပြီးလ အလုပ်လုပ်လို့ မရဘူး။ စားဝတ်နေရေးတွေ အခက်အခဲရှိတယ်” ဟု ဖားပြိုကျေးရွာမှ မဇင်မနွယ်က DMG သို့ပြောသည်။

စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြသူများကို စစ်ကောင်စီက လုံခြုံရေးအာမခံချက်မပေးနိုင်ဘဲ နေရပ်ပြန်ခိုင်းနေမှုမှာ ပြည်သူလူထုကို ပိုမိုခက်ခဲအောင်လုပ်ဆောင်နေခြင်းဟု ရက္ခိုင့်တပ်တော်က ရှုမြင်သည်။

“မြန်မာစစ်တပ်ဟာ ရခိုင်ပြည်က စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ငွေကြေးတချို့ပေးပြီးတော့ ပြည်သူတွေ ဆန္ဒမပါဘဲ အတင်းအဓမ္မ ဖိအားပေး နေရပ်ပြန်ခိုင်းတာတွေလည်း ရှိပါတယ်။ ပြည်သူ့လုံခြုံရေးနဲ့ လူမှုဘဝအေးချမ်းရေးကို အာမခံချက်မပေးဘဲနဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခိုင်းတာဟာ ပြည်သူလူထုကို ပိုပြီးတော့ အခက်အခဲဖြစ်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ် ” ဟု ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ ပြောသည်။

စစ်ကောင်စီစာရင်းများအရ ရခိုင်ပြည်အတွင်းရှိ ယာယီနေရပ်စွန့်ခွာစခန်းများတွင် ခိုလှုံနေရသူ စစ်ဘေးရှောင်ဦးရေ ၆၆,၉၆၇ ဦးသာရှိသော်လည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံများထဲမှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ကိုးသောင်းနီးပါး ကျန်ရှိနေသေးသည်။

#R007

ဗီဒီယိုများ