တိုက်ပွဲများကြောင့် ဒီးမော့ဆို ဒေသခံ ၁၅,၀၀၀ ခန့် ထွက်ပြေးနေရ

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆို မြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၁ ရက်မှစပြီး ယမန်နေ့အထိ တိုက်ပွဲပြင်းထန်သည့် အတွက် ဒေသခံ ၁၅,၀၀၀ ခန့် ထွက်ပြေးနေရသည်။

By Admin 13 Mar 2023

ထွက်ပြေးနေကြသော ဒီးမော့ဆို ဒေါသဲကွင်းနှင့် ဒေါ့ညေးခူး ကျေးရွာဒေသခံများကို တွေ့ရစဉ်။ ဓာတ်ပုံ- KNDF
ထွက်ပြေးနေကြသော ဒီးမော့ဆို ဒေါသဲကွင်းနှင့် ဒေါ့ညေးခူး ကျေးရွာဒေသခံများကို တွေ့ရစဉ်။ ဓာတ်ပုံ- KNDF

DMG ၊ မတ် ၁၃

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆို မြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၁ ရက်မှစပြီး ယမန်နေ့အထိ တိုက်ပွဲပြင်းထန်သည့် အတွက် ဒေသခံ ၁၅,၀၀၀ ခန့် ထွက်ပြေးနေရကြောင်း သိရသည်။

ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းရှိ ဒေါကလော်ကျေးရွာ၊ ဒေါသဲကွင်းနှင့် ဒေါတမကြီးအုပ်စု၊ ဒေါညေးခူ စသည့် ကျေးရွာများအနီးတွင် ပြီးခဲ့သည့် မတ်လ ၁၀ ရက်မှ မတ်လ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့ ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။

“မတ်လ ၁၀ ရက်နေ့မှာ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကောင်စီဘက်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ဆင်းလာတယ်။ သတင်းရရချင်း စောင့်ပြီး ပစ်ခတ်ခဲ့လို့ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်တယ်။ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေယာဥ်တွေ ရဟတ်ယာဉ်တွေ သုံးပြီးတော့ တိုက်ခိုက်နေတာ ရှိပါတယ် ” ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ပစ်ခတ်ခဲ့ပြီး ဒေါသဲကွင်း နှင့် ဒေါ့ညေးခူ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်သဖြင့် ဒေသခံ ၁၅,၀၀၀ ခန့်မှာ မြို့နှင့်၊ မြို့အနောက်ဘက်ခြမ်းရှိ တောတောင်များသို့ တိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများထံက သိရသည်။

“နှစ်ရက်ဆက်တိုက် လေယာဉ်နဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ။ ဒေါသဲကွင်းနဲ့ ဒေါ့ညေးခူး ရွာထဲမှာ ဘယ်သူမှ မရှိတော့ဘူး။ အကုန်ရှောင်နေရတယ်။ အနောက်ဘက်ခြမ်းကို ပြေးတဲ့သူက ပြေးတယ်။ မြို့ဘက်ကို ရှောင်တဲ့သူက ရှောင်တယ်။ တချို့က တောတောင်ထဲကို ပြေးနေရတဲ့သူတွေလည်း ရှိနေတယ်” ဟု စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် တိမ်းရှောင်နေရသူများအတွက် နေထိုင်စရာ အမိုးအကာများအပြင် အစားအစာနှင့် သောက်သုံးရေတို့ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူများက ပြောဆိုသည်။

“နေထိုင်ဖို့ အမိုးအကာတွေ အဓိက လိုနေတယ်။ စားနပ်ရိက္ခာနဲ့ သောက်သုံးရေလည်း လိုအပ်နေတယ်။ လောလောဆယ် စားနပ်ရိက္ခာအတွက် ရသလောက်ကူညီပေးထားပါတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ထပ်ပြောသည်။

လက်ရှိတွင်လည်း ဒီးမော့ဆို အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီနှင့် KNDF တို့ စစ်ရေးတင်းမာနေပြီး ပစ်ခတ်မှုများ ရှိနေသေးသည့်အတွက် ဒေသခံများမှာ နေရပ်မပြန်နိုင်သေးဘဲ တောတောင်များတွင် ခိုလှုံနေရကြောင်း သိရသည်။

#F004

ဗီဒီယိုများ