နေရပ်ပြန်ရေး ဆက်တိုက်တောင်းဆိုနေသည့် တင်းမရွာသားများ စစ်ကောင်စီ၏ နေရပ်ပြန်အစီအစဉ်တွင် ပါဝင်ခြင်းမရှိသေး 

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများသည် နေရပ်ပြန်နိုင်ရေးအတွက် စစ်ကောင်စီထံ ၉ ကြိမ်အထိ တင်ပြတောင်းဆိုထားသည်။

By Admin 06 Mar 2023

မီးလောင်ပျက်စီးသွားသည့် တင်းမကျေးရွာမှနေအိမ်အချို့ကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - တင်းမဆရာတော်
မီးလောင်ပျက်စီးသွားသည့် တင်းမကျေးရွာမှနေအိမ်အချို့ကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - တင်းမဆရာတော်

DMG ၊ မတ် ၆  

ရခိုင်ပြည်အတွင်း တိုက်ပွဲများရပ်တန့်နေချိန်တွင် စစ်ကောင်စီက စစ်ဘေးရှောင်များကို နေရပ်ပြန်ခိုင်းမှုများ ရှိနေသော်လည်း နေရပ်ပြန်နိုင်ရေးအတွက် အကြိမ်ကြိမ်တောင်းဆိုနေကြသည့် ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာသားများမှာ နေရပ်ပြန်ခွင့်မရသေးကြောင်း သတင်းရရှိသည်။ 

နေရပ်ပြန်နိုင်ရေးအတွက် မိုင်းလင်းရှင်းပေးရန်၊ မီးလောင်ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးရန် စသည့် ကိစ္စရပ်များကို စစ်ကောင်စီထံ ၉ ကြိမ်အထိ တင်ပြတောင်းဆိုထားသော်လည်း ယနေ့အချိန်ထိ နေရပ်ပြန်ရန်ပြောဆိုမှု တစ်စုံတစ်ရာမရှိသေးဟု တင်းမရွာသားများထံမှ သိရသည်။ 

“ကျနော်တို့တစ်ရွာလုံးက နေရပ်ပြန်ဖို့ လက်မှတ်ထိုး တောင်းဆိုထားကြတယ်။ စစ်ကောင်စီက ကျနော်တို့ကို ဒီနေ့အချိန်ထိ ဘာမှ အဖြေပြန်မပေးဘူး။ ကိုယ့်အိမ်ကို ကိုယ်မပြန်ရဘူး။ ကျနော်တို့က ကိုယ့်အိမ်ကိုပြန်ချင်တာတစ်ခုပဲ သိတယ်။ သူတို့ဆီက (ထောက်ပံ့တာတွေ) ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အိမ်ပြန်ချင်တယ်။ ကျနော်တို့ကို ‘အခုပြန်’ဆို အခုပြန်မှာ။ မြန်မာစစ်တပ်အနေနဲ့ ရွာမှာ ခြေကုပ်ယူထားတဲ့ တပ်ဖွဲ့ကိုလည်း ဆုတ်ခွာပြီးတော့ သူတို့မိခင်တပ်ရင်းကို ပြန်သွားစေချင်တယ်” ဟု တင်းမကျေးရွာသား ဦးဘာပြဲချေက ပြောသည်။

တိုက်ပွဲများငြိမ်သက်နေချိန်တွင် အခြားသောမြို့နယ်များမှ စစ်ဘေးရှောင်များနေရပ်ပြန်ရန် စစ်ကောင်စီက စီစဉ်ပေးသကဲ့သို့ တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရေးအတွက်လည်း စစ်ကောင်စီက တာဝန်ယူဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း တင်းမကျေးရွာမှ ဦးမောင်ထွန်းညွှန့်က ပြောသည်။

“ကျနော်တို့လည်း သူများတွေပြန်သလို ပြန်ချင်တယ်။ စစ်ကောင်စီက နေရပ်ပြန်ဖို့အတွက် တာဝန်ယူပြီး လုပ်ပေးစေချင်တယ်။ သူတို့ တာဝန်ယူမှုမရှိလို့ ကျနော်တို့လည်း မပြန်ရဲဘူး။ ကိုယ့်ရွာမှာကျန်ခဲ့တဲ့ စီးပွားရေးတွေကို လုပ်ကိုင်စားသောက်ပြီး နေချင်တယ်” ဟု  ၎င်းက ဆိုသည်။ 

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ယာယီ အပစ်ရပ်စဲပြီးနောက် ၃ လကျော်အတွင်း စစ်ကောင်စီအစီအစဉ်ဖြင့် စစ်ဘေးရှောင်စခန်းအသီးသီးမှ နေရပ်သို့ ပြန်သွားကြသည့် လူဦးရေ ၅,၀၀၀ ကျော်အထိ ရှိလာနေသည်။ 

နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များမှာ ရခိုင်ပြည် အမ်းမြို့နယ်မှ ၂၀၀ ကျော်၊ မင်းပြားမြို့နယ်မှ ၂,၃၀၀ ကျော်၊ မြေပုံမြို့နယ်မှ ၉၀၀ ကျော်၊  ပုဏ္ဏားကျွန်းမြို့နယ်မှ ၅၀၀ ကျော်၊ မြောက်ဦးမြို့နယ်မှ ၅၀၀ ကျော်နှင့် ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှ ၈၀၀ ကျော်တို့ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည့်စာရင်းအရ သိရသည်။ 

မြန်မာစစ်တပ်နှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် တင်းမကျေးရွာသားများမှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းကပင် ရွာလုံးကျွတ် နေရပ်စွန့်ခွာခဲ့ကြရပြီး၊ တင်းမကျေးရွာတွင် နေအိမ် ၆၀၀ ကျော်ရှိသည့်အနက် ၁၃၀ ခန့်မှာ မီးလောင်ပျက်စီး ဆုံးရှုံးသွားခဲ့ရသည်။

တင်းမရွာသားများသည် ကျောက်တော်မြို့နယ်ရှိ မီးရထားဘူတာ၊ သိမ်ပြင်၊ ကဝိရတနာ စသော စစ်ဘေးရှောင်စခန်းများတွင် နေထိုင်လာသည်မှာ သုံးနှစ်အထိ ကြာမြင့်လာပြီဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲများရပ်တန့်ထားချိန်တွင် နေရပ်ပြန်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးအပါအဝင် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို အမြန်ဆုံးလုပ်ဆောင်ပေးရန် တင်းမကျေးရွာသားများက တောင်းဆိုနေကြသည်။

တင်းမကျေးရွာမှ မဝေဝေက “ကျမတို့ရွာက စစ်ကောင်စီက နေရပ်ပြန်ခိုင်းတဲ့အထဲ မပါသေးဘူး။ စစ်ကောင်စီက မိုင်းရှင်းပေးတာတွေ မရှိသေးဘူး။ ပြီးတော့ အခု စစ်ကောင်စီတပ်က တပ်စွဲထားတာတွေရှိနေလို့ ကျမတို့ရွာသားတွေက မပြန်ရဲကြဘူး။ ကျမတို့က ကိုယ့်ပါကိုယ်ပဲ လုပ်စားချင်တယ်။ သူများဆီမှာ မနေချင်ဘူး” ဟု ပြောသည်။  

တင်းမရွာသားများမှာ နေရပ်သို့ မိမိဆန္ဒအတိုင်းပြန်မည်ဆိုပါကလည်း ရွာအနီးရှိ တောင်ရှည်တောင်တွင် မြန်မာစစ်တပ်မှ တပ်စွဲထားခြင်း၊ မိုင်းအန္တရာယ်ကို စိုးရိမ်ရသည့် အခြေအနေများကြောင့် နေရပ်ပြန်နိုင်အောင် စစ်ကောင်စီမှ စီစဉ်ပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။  

တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရေးကိစ္စနှင့် ပတ်သက်၍ ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ကျောက်တော်မြို့နယ်မှ တင်းမ၊ ရသေ့တောင်မြို့နယ်မှ အောင်သာစည်၊ ရေစိုးချောင်း၊ ထီးစွဲ၊ ကျောက်တန်း ကျေးရွာသားများကို ရွာအနီးတွင် နှစ်ဘက်တပ်များ နီးစပ်စွာတည်ရှိနေသဖြင့် နေရပ်ပြန်ခွင့်မပြုသေးဟု ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းက ပြည်နယ်စစ်ကောင်စီမှ ပြောဆိုထားသည်။ 

#R005

ဗီဒီယိုများ