စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို တရုတ်စိတ်ဝင်စားနေ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသည် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲအခြေအနေများကို မေးမြန်းခဲ့ကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

By Admin 11 Mar 2023

တရုတ်သံအမတ်ကြီးနှင့် ရွေးကောက်ပွဲကော်မရှင်တို့ မတ်လ ၇ ရက်နေ့က တွေ့ဆုံစဉ်။ ဓာတ်ပုံ - မြန်မာ့အလင်း
တရုတ်သံအမတ်ကြီးနှင့် ရွေးကောက်ပွဲကော်မရှင်တို့ မတ်လ ၇ ရက်နေ့က တွေ့ဆုံစဉ်။ ဓာတ်ပုံ - မြန်မာ့အလင်း

DMG ၊ မတ် ၁၁

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E.Mr.Chen Hai သည် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုး နှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲအခြေအနေများကို မေးမြန်းခဲ့ကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

တရုတ်သံအမတ်ကြီးက ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းသည့်အခြေအနေ၊ တည်ငြိမ်းအေးချမ်းစွာဖြင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ မတ်လ ၇ ရက်နေ့က မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်သံအမတ်ကြီးသည် စစ်ကောင်စီက ကျင်းပမည်ရွေးကောက် ပွဲအခြေအနေများနှင့် ဆောင်ရွက်နေမှုတို့ကို အသေးစိတ်သိရှိရန်အတွက် ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံခြင်းဖြစ်နိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောဆိုကြသည်။

“အခြေခံဥပဒေအရ စစ်တပ်အာဏာသိမ်းတာပြည့်သွားရင် ရွေးကောက်ပွဲလုပ်ပေးရတယ်။ ဆိုတော့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲစနစ်ကိုလည်း ပြောင်းမယ်ဆိုတဲ့အခါကျတော့ အဲဒီရွေးကောက်ပွဲစနစ်က သမာသမတ် ရှိရဲ့လား၊ PR ဆိုတာတော့ ဟုတ်ပြီ၊ ဘယ်လို PR မျိုးလဲ၊ ပါတီတချို့ကို နိုင်ငံရေးအရ မပါအောင် ကန့်သတ်ထားချင်လိုလား စသဖြင့်ပေါ့။ ဒီဟာတွေကို အသေးစိတ်သိချင်တဲ့အတွက် တွေ့ဆုံတာလို့ မြင်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲကို စိတ်ဝင်စားသော်လည်း ယင်းရွေးကောက်ပွဲမှာ ပြည်သူများအတွက် အပြုသဘောဆောင်သည့် ဖြေရှင်းနည်း မဖြစ်နိုင်ကြောင်း ရှုမြင်သည်။

“တရုတ်ရဲ့သဘောထားကတော့ မြန်မာပြည်ကို အေးချမ်းတည်ငြိမ်စေချင်တယ်။ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကို ရပ်ဆိုင်းပြီးတော့ စားပွဲဝိုင်းမှာ တွေ့ဆုံပွဲလုပ်စေချင်တယ်။ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲဟာ ကောင်းတယ်၊ မှန်တယ်၊ ဒါကို ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ကောင်းအောင်လုပ်ရမယ် ဆိုပြီးတော့ ကျန်တဲ့ပြဿနာတွေကို ကျောခိုင်းထားတယ်။ ဒါဟာ မြန်မာပြည်အတွက်တော့ ဘာမှ အပြုသဘောဆောင်တဲ့ ဖြေရှင်းနည်း မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်” ဟု ၎င်းကဆိုသည်။

တရုတ်သံအမတ်၏ မေးမြန်းမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးက ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှု၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပေဒများပြဌာန်းခဲ့မှု၊ နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားမှု စသည့် အချက်အလက်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သတင်းစာတွင် ဖော်ပြသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၀ ရက်နေ့ အထိ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၁၉ ခုရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏ စာရင်းအရ သိရသည်။

လာမည့်ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ(First Past the Post – FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (Proportional Representation – PR) ဖြင့်ပြုလုပ်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။

ထို့အပြင် ရွေးကောက်ပွဲတွင် ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။

#R007

ဗီဒီယိုများ