- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် အားထုတ်ခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန် မူဆယ်မြို့သို့ ရောက်ရှိနေသည့် ရန်ကုန်၊ မကွေး၊ ရခိုင်၊ ကချင် ဒေသများမှ လုပ်သားများမှာ တရုတ်ဘက်သို့ ဝင်ခွင့်မရ၍ သောင်တင်နေသည်မှာ လနှင့်ချီကြာမြင့်လာ၍ အခက်ကြုံနေကြသည်။
26 Dec 2024

DMG ၊ ဒီဇင်ဘာ ၂၆
မြန်မာ - တရုတ်နယ်စပ်ဒေသ ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် သောင်တင်နေသည့် ရခိုင်ဒေသခံများအပါဝင် ရွှေ့ပြောင်းလုပ်သားထောင်နှင့်ချီမှာ နေထိုင်စားသောက်ရေး အခက်အခဲနှင့် ကြုံတွေ့နေကြကြောင်း ဆိုသည်။
တရုတ်နိုင်ငံတွင် အလုပ်လုပ်ရန် မူဆယ်မြို့သို့ ရောက်ရှိနေသည့် ရန်ကုန်၊ မကွေး၊ ရခိုင်၊ ကချင် ဒေသများမှ လုပ်သားများမှာ တရုတ်ဘက်သို့ ဝင်ခွင့်မရ၍ သောင်တင်နေသည်မှာ လနှင့်ချီကြာမြင့်လာ၍ အခက်ကြုံနေကြခြင်း ဖြစ်သည်။
“အလုပ်မလုပ်ရဘဲ ကြာလာတော့ ပါလာတဲ့ ပိုက်ဆံတွေ စားသောက်လို့ ကုန်ပြီလေ။ ရခိုင်ထမင်းဆိုင် ရှာပြီး အကြွေးစားရတာ ရှိတယ်။ နေထိုင်ရေးကလည်း အခန်းတစ်ခန်းရရင် ရခိုင်အချင်းချင်း စုပေါင်းပြီးနေကြတယ်” ဟု မူဆယ်ရောက် ရခိုင်လူငယ်တစ်ဦးက ပြောသည်။ ၄
တရုတ်တွင် အလုပ်ရရှိမည်ဟုဆိုကာ ပွဲစားများဖြင့် ရောက်လာကြသူများနှင့် အလုပ်သမားကဒ် သက်တမ်းတိုးရန် တရုတ်ဘက်မှ မူဆယ်မြို့သို့ ရောက်ရှိနေသူများမှာ တရုတ်နိုင်ငံသို့ ဝင်ခွင့်မရဘဲ ဖြစ်နေကြသည်။
မြန်မာလုပ်သားများမှာ ၎င်းတို့မူရင်းနေရပ်သို့ ပြန်လာရန်လည်း လမ်ခရီး၊ ငွေကြေး အခက်အခဲများကြောင့် နေရပ်မပြန်နိုင်ဘဲ ဖြစ်နေကြသည်။
“တရုတ်ကို ဝင်ဖို့ ကြိုးစားနေတဲ့သူတွေ မူဆယ်မှာ မြို့အနှံ့ပါပဲ။ ပွဲစားဆီမှာ အလိမ်မိတာတွေလည်း ရှိတယ်။ တချို့ ရခိုင်တွေဆိုလည်း အိမ်ကို ပိုက်ဆံမှာဖို့ ဆက်သွယ်လို့မရတာနဲ့ ဒုက္ခရောက်နေကြတယ်” ဟု မူဆယ်ရောက် ရခိုင်ဒေသခံ နောက်တစ်ဦးက ပြောသည်။
တရုတ်တွင် အလုပ်ရမည်ဟုဆိုကာ ပွဲစားများခေါ်ယူထားသည့် မြန်မာအလုပ်သမား (၅၀၀) ကျော်သည် အလုပ်မရပဲ မူဆယ်မြို့တွင်း ဂိုဒေါင်တစ်ခုတွင် ပိတ်မိပြီး အခက်ကြုံတွေ့နေကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် တအာင်းတပ် TNLA က သတင်းထုတ်ပြန်ခဲ့သည်။
မူဆယ်မြို့အတွင်း သောင်တင်နေသည့် မြန်မာလုပ်သားများမှာ တရုတ်နိုင်ငံသို့ တရားမဝင် နည်းလမ်းများဖြင့် သွားရောက်နေ၍ ဖမ်းဆီးခံရမှုများလည်း ရှိနေသည်။
“တရုတ်ကို အလုပ်လုပ်ဖို့လာပြီး မူဆယ်မှာ သောင်တင်နေကြတာတွေ အများကြီးပဲ။ ကျနော်ဆိုရင်လည်း နှစ်လကျော် ရှိပြီ။ တချို့လည်း ခိုးလမ်းရှာပြီး ဝင်ကြတယ်။ တရုတ်ဘက်ကို ရောက်သွားတဲ့သူ ရောက်သွားတယ်။ အဖမ်းခံရသူတွေလည်း ခံရတယ်" ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။