ခရီးသွားလာခွင့်ပိတ်ပင်ထားသဖြင့် စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသားများ နေရပ်ပြန်ရန် အခက်အခဲရှိနေ

ရခိုင်မြောက်ပိုင်းတွင် အမြန်ရေယာဉ်များကို သာမက ခရီးသည်တင်စက်လှေများကိုပါ သွားလာခွင့် ပိတ်ပင်လိုက်သောကြောင့် စစ်တွေတက္ကသိုလ် အဝေးသင်ကျောင်းသား၊ကျောင်းသူများမှာ နေရပ်မပြန်နိုင်မည်ကို စိုးရိမ်နေကြသည်

By Admin 21 Oct 2022

ခရီးသွားလာခွင့်ပိတ်ပင်ထားသဖြင့် စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသားများ နေရပ်ပြန်ရန် အခက်အခဲရှိနေ

DMG ၊ အောက်တိုဘာ ၂၁

ရခိုင်မြောက်ဘက်ခြမ်းတွင် ရေကြောင်းခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားသောကြောင့် စစ်တွေတက္ကသိုလ်တွင် တက်ရောက်နေသည့် မြို့နယ်အသီးသီးမှ အဝေးသင်ကျောင်းသား၊ ကျောင်းသူများမှာ စာမေးပွဲဖြေပြီးပါက နေရပ်မပြန်နိုင်မည်ကို စိုးရိမ်နေကြကြောင်း ပြောဆိုကြသည်။

စစ်ကောင်စီက စစ်တွေ-မင်းပြား၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်မြို့နယ်များသို့ ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ် အပါအဝင် တခြားခရီးသည်တင်ရေယာဥ်များ၊ စက်လှေများကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပိတ်ပင်ခဲ့သည်။

ထို့နောက် အောက်တိုဘာလ ၁၉ ရက်တွင် စစ်တွေ-ပေါက်တော ပြေးဆွဲနေသည့် ရွှေပြည်တန် အမြန်ရေယာဉ်ကိုလည်း ပိတ်ပင်လိုက်ပြီး ပေါက်တောမြို့နယ်မှ ခရီးသည်တင်စက်လှေများကိုပါ စစ်တွေသို့ သွားလာခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အဝေးသင်ကျောင်းသား၊ကျောင်းသူများမှာ စိတ်ချမ်းသာစွာဖြင့် စာမေးပွဲမဖြေဆိုနိုင်ဘဲ နေရပ်သို့ မည်ကဲ့သို့ပြန်ရမည်ကိုသာ ပူပန်နေကြသည်ဟု ကျောင်းသား၊ကျောင်းသူများကဆိုသည်။

ငွေရေးကြေးရေး ကျပ်တည်းနေသည့်ကာလတွင် စစ်တွေမြို့သို့ အဝေးသင်တက္ကသိုလ်တက်ရောက်ရန် လာကြခြင်းဖြစ်ပြီး ရုတ်တရက် ခရီးသည်တင်ရေယာဉ်များကို ရပ်တန့်လိုက်သောကြောင့် စစ်တွေတွင် သောင်တင်ကာ စားဝတ်နေရေး အခက်အခဲဖြစ်လာမည်ကို စိုးရိမ်ကြောင်း ပေါက်တောမြို့နယ်၊ ဖဒူရွာမှ အဝေးသင်ကျောင်းသူ မမြတ်နိုးဦးက DMG သို့ပြောသည်။

“‌အခုလို ရုတ်တရက် လမ်းတွေကိုပိတ်လိုက်တော့ ထမင်းငတ်ပြီး စစ်တွေမှာ သောင်တင်နေပါလိမ့်မယ်။ မြို့မှာနေဖို့အတွက်ကလည်း မလွယ်ပါဘူး။ စားဝတ်နေရေး အခက်အခဲတွေလည်းရှိတယ်။ စစ်တွေမှာက အိမ်လခပေးပြီး အခန်းငှားနေရတာ။ ထမင်းစရိတ်ကလည်း ထင်သလိုမလွယ်ပါဘူး။ လမ်းဘေးမှာ အလှူခံစားပြီးနေရမယ့် ကိန်းဆိုက်သွားပါလိမ့်မယ်”ဟု ၄င်းကဆိုသည်။

စစ်တွေမြို့ပေါ်တွင် နေစရိတ်၊ စားစရိတ်အပြင် တခြားကုန်စျေးနှုန်းများလည်း မြင့်တက်နေသောကြောင့် နယ်မှ ကျောင်းသား၊ကျောင်းသူများအတွက် ကာလကြာရှည်စွာနေထိုင်ရန် မဖြစ်နိုင်သဖြင့် ရေလမ်းကြောင်းများကို အမြန်ဆုံးဖွင့်ပေးသင့်ကြောင်း ပေါက်တောမြို့နယ်၊ ဗျိုင်းသိုက်ကျေးရွာမှ အဝေးသင်ကျောင်းသူ မစုစုခင်က ပြောသည်။

“ရေလမ်းကြောင်းတွေ အားလုံးပိတ်ထားတော့ ငွေရေးကြေးရေးတွေ အဆင်ပြေမှာမဟုတ်ပါဘူး။ ဘာလို့ဆိုတော့ ငွေရေးကြေးရေးက ကျောင်းလာတက်နေတဲ့လူတိုင်း ကျပ်တည်းပါတယ်။ စစ်တွေမှာက ဘယ်လောက်ထိ နေရအုံးမယ်မသိသေးဘူး။ နေစရိတ်၊ စားစရိတ်က စစ်တွေမှာစျေးကြီးတာ နယ်ကလာတဲ့လူတိုင်း အသိပါပဲ။ အိမ်ကိုလည်း ပြန်ချင်နေကြပါပြီ။ ‌‌ရေလမ်းတွေကို ပြန်ဖွင့်ပေးစေချင်ပါတယ်။ လမ်းဖွင့်ရင် အားလုံးသူ အဆင်ပြေကြလိမ့်မယ်”ဟု သူကဆိုသည်။

စာမေးပွဲဖြေဆိုပြီးလျှင် ကျောင်းသား၊ကျောင်းသူများ နေရပ်ပြန်နိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များက မည်သို့ဆောင်ရွက်ပေးမည်ကို စောင့်ကြည့်နေပြီး ကျောင်းသားများ အခက်အခဲဖြစ်ပေါ်လာပါက တက္ကသိုလ်တာဝန်ရှိသူများနှင့် တိုက်ရိုက်ဆွေးနွေးကာ အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းသွားမည်ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ(၁) ကိုမင်းကိုအောင်က DMG ကိုပြောသည်။

“အခုလောလောဆယ်တော့ သူတို့ ကျောင်းသားတွေအတွက် ဘာလုပ်ပေးမလဲဆိုတာကို စောင့်ကြည့်နေပါတယ်။ ကျောင်းဖွင့်တာကလည်း တိုက်ပွဲတွေဖြစ်နေတဲ့ ကာလတုန်းကဖွင့်တယ်ဆိုတော့ သူတို့အနေနဲ့ ကျောင်းသားတွေ သွားရေးလာ‌ရေး အခက်အခဲမဖြစ်ရအောင်၊ အဆင်ပြေချောမွေ့ရအောင် သူတို့ ဘယ်လိုလုပ်ပေးမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ပါဦးမယ်။ မလုပ်ပေးရင်တော့ ကျွန်တော်တို့ ‌ကျောင်းသားသမဂ္ဂအနေနဲ့ ပါမောက္ခနဲ့ သွားတွေ့ဖို့ အစီအစဉ်တွေရှိပါတယ်။ ကျောင်းသားတွေ အခက်အခဲဖြစ်လာရင်တော့ တက္ကသိုလ်တာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ဆွေးနွေးပြီး အကောင်းဆုံးတစ်ခုဖြစ်အောင် ကျွန်တော်တို့ကြိုးပမ်းသွားဖို့ရှိပါတယ်”ဟု သူကဆိုသည်။

လတ်တလောတွင် ကျောင်းသား၊ကျောင်းသူများ ချောချောမွေ့မွေ့ နေရပ်ပြန်နိုင်ရေးအတွက် ပြည်နယ် စစ်ကောင်စီနှင့် ဆွေးနွေးခြင်းမရှိသေးပေ။ စာမေးပွဲဖြေဆိုနေသည့် ကာလဖြစ်သောကြောင့် အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု စစ်တွေတက္ကသိုလ် သင်တန်းရေးရာဌာနမှုး ဦးကျော်နိုင်ဦးက DMG ကိုပြောသည်။

“ကျွန်တော်တို့ကတော့ တစ်မျိုးတဖုံတော့ တင်ပြသွားမှာပါ။ ဆရာကြီးတွေ၊ ပါမောက္ခချုပ်တွေ စီစဉ်ကြပါလိမ့်မယ်။ လောလောဆယ် ဒီရက်ပိုင်းအခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ စာမေးပွဲမပြီးခင် စပ်ကြားမှာတော့ ကျွန်တော်တို့ အခြေအနေတစ်ခုလုပ်ဖြစ်တယ်ဆိုရင် ပါမောက္ခချုပ်ကတစ်ဆင့် တင်ပြဖို့ရှိပါတယ်။ ကျောင်းသားကျောင်းသူတွေ ချောချောမွေ့မွေ့ပြန်နိုင်အောင် ကျွန်တော်တို့လုပ်သွားမှာပါ”ဟု သူကဆိုသည်။

စစ်တွေတက္ကသိုလ်တွင် ရခိုင်ပြည်မြောက်ပိုင်းမှ ကျောင်းသား၊ကျောင်းသူ အများအပြားတက်ရောက်ကြပြီး လက်ရှိတွင် အဝေးသင် နောက်ဆုံးအသုတ်ဖြစ်သည့် မြန်မာစာ၊ သမိုင်း စသည့်မေဂျာများ စာမေးပွဲဖြေဆိုနေကြကာ လာမည့်အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။

ဗီဒီယိုများ