စစ်တွေတက္ကသိုလ်အနီးတွင် ဓားပြတိုက်လုယက်ခံရမှုများကြောင့် ကျောင်းသားများ စိုးရိမ်နေ

စစ်တွေတက္ကသိုလ်အနီးတွင် ကျောင်းသားများကို ပစ်မှတ်ထားကာ ဓားပြတိုက် လုယက်မှုများ ဖြစ်ပွားလာသဖြင့် စိုးရိမ်မှုများရှိနေကြောင်း တက္ကသိုလ်ကျောင်းသားများက ပြောဆိုကြသည်။

By Admin 15 Feb 2023

စစ်တွေတက္ကသိုလ်အနီးတွင် ဓားပြတိုက်လုယက်ခံရမှုများကြောင့် ကျောင်းသားများ စိုးရိမ်နေ

DMG ၊ ဖေဖော်ဝါရီ ၁၅

စစ်တွေတက္ကသိုလ်အနီးတွင် ကျောင်းသားများကို ပစ်မှတ်ထားကာ ဓားပြတိုက် လုယက်မှုများ ဖြစ်ပွားလာသဖြင့် စိုးရိမ်မှုများရှိနေကြောင်း တက္ကသိုလ်ကျောင်းသားများက ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က စစ်တွေတက္ကသိုလ်တွင် ကျောင်းသွင်းပြီးပြန်လာသည့် အဝေးသင်တက္ကသိုလ်ကျောင်းသားနှစ်ဦးကို တက္ကသိုလ်အနီးလမ်းမပေါ်တွင် လူသုံးဦးက ဓားဖြင့်ထောက်ကာ ပစ္စည်းများကို လုယက်သွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် တက္ကသိုလ်ကျောင်းသား တစ်ဦးကပြောသည်။

“ကျနော်တို့နှစ်ယောက်က ကျောင်း(စာရင်း)သွင်းပြီးတော့ ဆိုင်ကယ်တစ်စီးနဲ့ ပြန်လာတာ။ ကျောင်းကထွက်လာတော့ ဘုမေရွာကိုမရောက်ခင် လူ ၃ ယောက်က ရှေ့ကရပ်တယ်။ နောက်ပြီးတော့ ကျနော့်ဝမ်းဗိုက်ကို ဓားနဲ့ထောက်ပြီးတော့ ဆိုင်ကယ်နဲ့ ငွေတွေကိုယူသွားတယ်” ဟု တက္ကသိုလ်ကျောင်းသား ကိုလင်းလင်းမောင်က DMG သို့ ပြောသည်။

ကိုလင်းလင်းမောင်မှာ ရသေ့တောင်မြို့နယ်၊ သရက်ပြင်ကျေးရွာမှဖြစ်ပြီး ကျောက်တော်မြို့နယ်၊ ဘရဝါကျေးရွာမှ သူငယ်ချင်းတစ်ဦးနှင့်အတူ စစ်တွေတက္ကသိုလ်တွင် ကျောင်းသွင်းပြီးပြန်လာစဉ် ယင်းသို့ ဓားပြတိုက်လုယက်မှုနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ဓားပြတိုက်လုယက်ခံရခြင်းကြောင့် ကျောင်းသားနှစ်ဦးထံမှ ဖုန်းသုံးလုံး၊ ဆိုင်ကယ်တစ်စီးနှင့် ငွေကျပ်တစ်သိန်းကျော် ပါသွားပြီး ယင်းကိစ္စအား မင်းဂံရဲစခန်းတွင် တိုင်ကြားထားကြောင်း သိရသည်။

၂၀၂၂- ၂၀၂၃ ပညာသင်အတွင်းကလည်း စစ်တွေတက္ကသိုလ်အနီးတွင် ကျောင်းသားများအငှားယာဉ်စီးစဉ် ဓားပြတိုက်လုယက်မှု ၂ ကြိမ်ဖြစ်ပွားခဲသည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်များကြောင့် တက္ကသိုလ်ကျောင်းသားများမှာ လက်ရှိတွင် စိုးရိမ်စိတ်များဖြစ်ပေါ်နေကာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကူညီဖြေရှင်းပေးစေလိုကြောင်း ကိုလင်းလင်းမောင်ကပြောသည်။

“တချို့ကျောင်းသားတွေဆိုရင် Practical (လက်တွေ့) ဆင်းတဲ့အခါ တစ်ယောက်တည်း သွားရတာတွေရှိတယ်။ တစ်ယောက်တည်းသွားရင် ပိုပြီးတော့ စိုးရိမ်ရတာတွေရှိတာပေါ့။ ဓားပြတိုက်တဲ့သူတွေက လူအုပ်စုနဲ့ဆိုတော့ ကျောင်းတက်ဖို့အတွက် ပိုပြီးတော့ စိုးရိမ်မှုရှိတာပေါ့။ အဓိက သက်ဆိုင်ရာလူတွေအနေနဲ့လည်း ဒါမျိုးတွေ နောက်ထပ်မဖြစ်ရအောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးစေချင်တယ်” ဟု ၎င်းကဆိုသည်။

ဓားပြတိုက်လုယက်မှုဖြစ်စဉ်များကို အလျှင်အမြန် ဖော်ထုတ်ဖြေရှင်းနိုင်ရန်အတွက် “ယာဉ်လိုင်စင်နံပါတ်၊ ယာဉ်အရောင်အသွေး မှတ်သားရန်နှင့် ယာဉ်မောင်းသူ အသွင်အပြင်ကို မှတ်သားထားကြရန်” စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂက အသိပေးထုတ်ပြန်ထားသည်။

စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုမင်းကိုအောင်က “ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဆီကို တိုင်လာတာတော့ မရှိသေးဘူး။ အဓိကတော့ ကာယကံရှင်အပေါ်မှာ မူတည်တယ်။ ကျနော်တို့က ကျောင်းသားသမဂ္ဂဖြစ်တဲ့အတွက် ခံရတဲ့ကျောင်းသားဖြစ်စေချင်တဲ့ဆန္ဒအတိုင်း ထိထိရောက်ရောက် လုပ်ဆောင်သွားမယ်။ ကျောင်းသား၊ ကျောင်းသူတွေ သတိဝီရိယနဲ့ သွားလာနေထိုင်ကြဖို့ ကျနော်တို့ ကျောင်းသားသမဂ္ဂအနေနဲ့လည်း ပြောချင်ပါတယ်”ဟု ဆိုသည်။

စစ်တွေတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးကလည်း “ဒီကိစ္စကို တိုင်ကြားလာတာရှိပါတယ်။ ကျနော်တို့က သက်ဆိုင်ရာရဲစခန်းကို တိုင်ကြားပြီး ရှာဖွေတာ၊ အမှုဖွင့်တာတွေ ရှိတယ်။ လောလောဆယ်တော့ တိုင်ကြားလာတာ တစ်မှုပေါ့။ နောက်ထပ်ဒီလိုဖြစ်စဉ်တွေ ဖြစ်လာခဲ့ရင်လည်း သင်တန်းရေးရာဌာနကို ချက်ချင်းတိုင်ကြားနိုင်ပါတယ်”ဟု ပြောသည်။

စစ်တွေမြို့တွင် ခိုးမှု၊ ဓားပြတိုက်မှု၊ လုယက်မှုများမှာ မကြာခဏဖြစ်ပေါ်နေပြီး ပြည်သူတို့မှာ လုံခြုံရေးအတွက် စိုးရိမ်မှုများရှိနေကြသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်ကလည်း စစ်တွေဟိုတယ်ဘက်မှ စစ်တွေကမ်းခြေပတ်လမ်းအတိုင်း ဆိုင်ကယ်စီးလာသူတစ်ဦးကို ဆိုင်ကယ်ပျက်သည့်အသွင်နှင့် လူနှစ်ဦးမှ လက်တားသဖြင့် ဆိုင်ကယ်ရပ်တန့်မိရာမှ ပါလာသည့်ပစ္စည်းများကိုပေးရန် တောင်းသဖြင့် ဆိုင်ကယ်ကို အလျှင်အမြန်မောင်းနှင် ထွက်ပြေးခဲ့ရသည်ဟု ကိုယ်တိုင်ကြုံခဲ့ရသူက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

#R007

ဗီဒီယိုများ