- မီးခိုးမထွက်တဲ့ ရခိုင်က စီးပွားရေးလုပ်ငန်းတွေ ဦးမော့လာမဲ့ချိန်
- မီဇိုရမ် - ပလက်ဝ နယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
- မြန်မာ့တော်လှန်ရေး တပ်ဖွဲ့ဝင်များအား အိန္ဒိယလုံခြုံရေးတပ်က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်
- ခေါင်ခိုက်နေသည့် အိမ်ငှားဈေးနှုန်းနှင့် စစ်ဘေးရှောင်များ၏ ကျောတခင်းစာပြဿနာ
- ကျောက်ဖြူ အမှတ် ၃၂ ရဲတပ်ရင်း ကာကင်းစခန်းအချို့ကို AA သိမ်းပိုက်
မီးခိုးမထွက်တဲ့ ရခိုင်က စီးပွားရေးလုပ်ငန်းတွေ ဦးမော့လာမဲ့ချိန်
လမ်းခရီးပိတ်ဆို့ခံထားရခြင်း၊ ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်းနှင့်အတူ စစ်ကောင်စီ၏ လေကြောင်း အန္တရာယ်၊ မြေပြင်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် စသည့် လုံခြုံရေးအခြေအနေများက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် ခြိမ်းခြောက်နေခြင်းဟု ဆိုကြသည်။
21 May 2025

DMG ၊ မေ ၂၁
ရခိုင်တိုက်ပွဲ နောက်ဆက်တွဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပြင် အခြားလုံခြုံရေးအာမခံချက် မရှိသဖြင့် ရခိုင်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် မသေချာသေးကြောင်း ရခိုင်ဒေသခံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
လမ်းခရီးပိတ်ဆို့ခံထားရခြင်း၊ ကုန်စည်စီးဆင်းမှု နှောင့်နှေးခြင်းနှင့်အတူ စစ်ကောင်စီ၏ လေကြောင်း အန္တရာယ်၊ မြေပြင်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် စသည့် လုံခြုံရေးအခြေအနေများက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် ခြိမ်းခြောက်နေခြင်းဟု ဆိုသည်။
" အဓိကတော့ လုံခြုံရေး အာမခံချက်မရှိဘူး။ လုံခြုံရေးအာမခံချက်မရှိတော့ ခရီးသွားသူတွေလည်း မလာတဲ့အပြင် လုပ်ငန်းရှင်တွေကလည်း ဒီလုပ်ငန်းကို စတင်နိုင်ဖို့ အများကြီး စိန်ခေါ်မှုရှိတယ်။ နောက်တစ်ခုက စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကလည်း ကြောက်ဖို့ ကောင်းတယ်။ ဆိုတော့ ဒီလုပ်ငန်း လည်ပတ်နိုင်ဖို့က အများကြီး ခက်ခဲနေပါသေးတယ် " ဟု မြောက်ဦးမြို့က ဟိုတယ်ပိုင်ရှင်တစ်ဦးက ပြောသည်။
ရခိုင်ဒေသ၏ အခြေခံစီးပွားရေးသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်သွယ်ရေးတို့အပြင် ပင်လယ်ကမ်းခြေနှင့် ရှေးဟောင်းသမိုင်းအမွေအနှစ်များ ပိုင်ဆိုင်ထားသဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှာလည်း ဒေသစီးပွားရေးကို တစ်ဖက်တစ်လမ်းက အထောက်ကူပြုနေခြင်းဟု ဆိုသည်။
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ဒေသများမှာလည်း လုံခြုံရေးအကြောင်းပြချက်ကြောင့် ယနေ့အချိန်ထိ ဟိုတယ်၊ တည်းခိုးခန်းများအပါအဝင် ခရီးသွားလုပ်ငန်းများ အားလုံးရပ်တန့်နေရခြင်း ဖြစ်သည်။
ရခိုင်ပြည်တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာခန်း အလုံးရေ ၂၀၀ ခန့်ရှိပြီး ယင်းအထဲ သံတွဲ၊ ငပလီမြို့၌ အဆင့်မြင့် ဟိုတယ်များရှိကာ ကျောက်ဖြူ၊ မြောက်ဦး၊ စစ်တွေ စသည့် မြို့တွင်လည်း ရှိနေသည်။
ခရီးသွားလုပ်ငန်းကို မှီခိုနေရသည့် သံတွဲဒေသခံများမှာ ငပလီ ကမ်းခြေက ဟိုတယ်လုပ်ငန်းများ မလည်ပတ်နိုင်သဖြင့် ယင်းလုပ်ငန်းကို မှီခိုလုပ်ကိုင်နေကြသည့် ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲများစွာ ရင်ဆိုင်နေရသည်ဟု သိရသည်။
သံတွဲဒေသခံ ကိုဦးနိုင်က " အခုဆို အလုပ်မလုပ်ရတာ နှစ်နှစ်လောက်ရှိတော့မယ်။ ဒေသခံတွေကတော့ အများကြီး ခက်ခဲကြပါတယ်။ ဒီလိုအခြေနေတွေ ဖြစ်လာတော့လဲ ဘယ်သူ့ကိုမှ အပြစ်ပုံချလို့ မရပေမယ့် ကိုယ့်ဒေသကို ပြန်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ချင်ပါတယ် " ဟု ပြောသည်။
သံတွဲမြို့နယ်က ဒေသခံအများစုသည် ဟိုတယ်လုပ်ငန်းနှင့် ဆက်စပ်သည့် စားသောက်ဆိုင်အပြင် ခရီးသွား ဧည့်သည်များကို မှီခိုနေသည့် ဈေးသည်၊ စက်လှေသမားနှင့် ရိုးရာလက်မှု အရောင်းဆိုင်၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင် စသည့် တပိုင်တနိုင် လုပ်ငန်းများမှာလည်း အားလုံးရပ်တန့်လိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
" နိုင်ငံရေးနဲ့ စီးပွားရေးက တိုက်ရိုက်ချိတ်ဆက်နေတော့ ဘာမှ ပြောလို့တော့မရဘူး။ လုပ်ငန်းကြီးတဲ့သူတွေမှာ လုပ်ငန်းကြီးသလောက် ဆုံးရှံးသလို လုပ်ငန်းငယ်တဲ့သူတွေမှာလည်း ငယ်သလောက်ဆုံးရှုံးကြရပါတယ်။ ဒီခရီးသွားလုပ်ငန်းက ဘယ်အချိန်မှ ပြန်စနိုင်မလဲတော့ မသိဘူး " ဟု ကိုဦးနိုင်က ဆက်ပြောသည်။
သံတွဲဒေသကို အာရက္ခတပ်တော်က ၂၀၂၄ စက်တင်ဘာတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော်လည်း လုံခြုံရေး အကြောင်းပြချက်ကြောင့် ငပလီ ကမ်းခြေတစ်လျှောက်မှ ဒေသခံများမှာ ယနေ့အချိန်ထိ နေရပ်မပြန်သေးပေ။
ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းအရ ၂၀၂၀ ခုနှစ်၏ သင်္ကြန်ပွဲတော် ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ပျမ်းမျှ ၃ သောင်းကျော်အထိ ဝင်ရောက်ခဲ့သည်ဟု သိရသည်။
၂၀၂၃ ခုနှစ် သီတင်းကျွတ် ပွဲတော်ကာလအတွင်း ငပလီကမ်းခြေကို ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည် ၄,၉၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ သိရသည်။
ရခိုင်မြောက်ပိုင်းနှင့် မြောက်ဦးဒေသတွင်လည်း တိုက်ပွဲစတင်ခဲ့သည့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ကိုဗစ် ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ်အထိ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ လျော့နည်းခဲ့ရသည်။
ယင်းနောက် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏ ပြင်းထန်လှသော မြို့သိမ်းတိုက်ပွဲ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ကာ ယနေ့အချိန်ထိ လုံးဝရပ်တန့်နေရသည်။
" ဝင်ငွေကတော့ အများကြီးလျော့နည်းသွားတာပေါ့နော်။ တချို့ဆိုရင် ကုန်သည်တို့၊ နိုင်ငံခြားသွားတာတို့ ထမင်းဆိုင်တို့ အလုပ်ပြောင်းသွားကြတာ ရှိတယ်။ ဟိုတယ်လုပ်ငန်းကိုမှ အားကိုးလို့ မရတဲ့အချိန် အကုန်လုံးက လုပ်ငန်းပြောင်းကြတယ်။ ပန်းရောင်းဈေးသည်တို့၊ အမှတ်တရပစ္စည်းတွေရောင်းတဲ့ ဆိုင်တွေဆိုရင်လည်း အလုပ်မဖြစ်ကြဘူး " ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။
လက်ရှိကာလတွင် မြောက်ဦးဒေသက ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်ခဲ့သူ အချို့မှာလည်း နိုင်ငံခြား ထွက်ခွာသူများနှင့် အခြားလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်နေကြသည်ဟု သိရသည်။
ရခိုင်ဒေသ ခရီးသွားလုပ်ငန်းများ မည်သည့်အချိန်တွင် ပြန်လည်ဦးမော့လာမည်ကို မသိရှိနိုင်သော်လည်း ယင်းလုပ်ငန်းပြန်လည် လုပ်ကိုင်နိုင်ရန် ဒေသခံများက မျှော်လင့်နေကြသည်။