- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
အလုပ်ရပ်ထားသဖြင့် ‘ ဝ ’ ပြည်တွင် ရခိုင်အလုပ်သမား ၅၀၀ ကျော် အခက်ခဲဖြစ်နေ
တရုတ် - မြန်မာနယ်စပ် ‘ဝ’ ဒေသရှိ နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပိတ်ထားမှုကြောင့် ‘ဝ’ ပြည်ရောက် ရခိုင်ဒေသခံ ဆောက်လုပ်ရေးအလုပ်သမား ၅၀၀ ကျော်မှာ အလုပ်ရပ်နားထားရကြောင်း သိရသည်။
16 Nov 2024

DMG ၊ အောက်တိုဘာ ၁၆
တရုတ် - မြန်မာနယ်စပ် ‘ဝ’ ဒေသရှိ နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပိတ်ထားမှုကြောင့် ‘ဝ’ ပြည်ရောက် ရခိုင်ဒေသခံ ဆောက်လုပ်ရေးအလုပ်သမား ၅၀၀ ကျော်မှာ အလုပ်ရပ်နားထားရကြောင်း သိရသည်။
‘ဝ’ ပြည် မိုင်းပေါက်မြို့တွင် ရခိုင် ဆောက်လုပ်ရေးလုပ်သား ၅၀၀ ကျော်ရှိနေပြီး အောက်တိုဘာ ဒုတိယသီတင်းပတ်မှစ၍ နယ်စပ်ဂိတ်ပိတ်ထားသဖြင့် ဘိလပ်မြေအပါဝင် ဆောက်လုပ်ရေးပစ္စည်းများ ပြတ်လပ်ကာ အလုပ်များအားလုံး ရပ်နားနေရခြင်းဖြစ်သည်။
“ ဘိလပ်မြေကုန်လို့ အလုပ်မလုပ်ရတာ တစ်လလောက်ရှိပြီ။ ဆောက်လုပ်ရေးကလွဲလို့ ဒီမှာ တခြားလုပ်စရာ အလုပ်ကလည်း လုံးဝကို မရှိတာ။ ကျနော်တို့ ပန်းရံအလုပ်ဆိုက်မှာ ရခိုင် ၃၀ လောက်ရှိတယ်။ အခြားဆိုက်တွေမှာလည်း အများကြီးရှိကြတယ်။ အများစုက တရုတ်တွေဆီမှာ လုပ်အားခ တောင်းလို့လည်း မရကြဘူး ” ဟု မိုင်းပေါက်မြို့တွင် နေထိုင်သူ ကိုနိုင်ဖြိုးက ပြောသည်။
တချို့လုပ်သားများမှာ တရုတ်သူဌေးများထံမှ လုပ်အားခတောင်းမရသည့် အခြေအနေများရှိနေသဖြင့် စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်းလည်း ပြောဆိုကြသည်။
ရခိုင်အလုပ်သမားများမှာ ငွေကြေးအခက်ခဲနှင့် လမ်းခရီးအဆင်မပြေမှုကြောင့် နေရပ်ပြန်ရန်အတွက်လည်း အဆင်မပြေ ဖြစ်နေကြောင်း သိရသည်။
“တရုတ်ဘက်က ဘိလပ်မြေမဝင်လို့ အလုပ်လည်း ရပ်ထားရတယ်။ ဂိတ်တွေ သုံးလလောက် ပိတ်မယ်လို့ကြားတယ်။ လွန်ခဲ့တဲ့လက လုပ်ထားတဲ့လုပ်အားခတွေလည်း တောင်းလို့ မရဘူး။ ဒီမှာက ရခိုင်အချင်းချင်း လိမ်တာရော၊ တရုတ်လိမ်တာရော အများကြီးကြုံကြရတယ်။ အလုပ်မလုပ်ရတော့ အိမ်ကိုပြန်ချင်လာပြီ။ လမ်းလည်း အဆင်မပြေဘူး၊ ပိုက်ဆံလည်း အဆင်မပြေဘူး” ဟု မိုင်းပေါက်နေ နောက်ထပ် ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။
တရုတ် - မြန်မာနယ်စပ်ဂိတ်နှင့် ‘ ဝ ’ ဒေသရှိ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်မှ ပိတ်ထားသောကြောင့် နယ်စပ်ဒေသရှိ မြို့များတွင် ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်းများ ပြတ်လပ်လာသလို နယ်စပ်မြို့များမှာလည်း ကုန်ဈေးနှုန်းများ မြင့်တက်လျှက်ရှိကြောင်း သိရသည်။