ဝေါလေ - ထီးကပလယ် ကားလမ်းကို KNDO က သွားလာခွင့်ပိတ်

“အရပ်သား/အဖွဲ့အစည်း မည်သည့် ကား/ဆိုင်ကယ်များမဆို လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခွင့်မပြုပါ” ဟု KNDO အမှတ် ၈ တပ်ရင်း ဌာနချုပ် အမှတ် ၆ တပ်မဟာ ကော်သူးလေ က ဖေဖော်ဝါရီ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

By Admin 09 Feb 2023

ဝေါလေ - ထီးကပလယ် ကားလမ်းကို KNDO က သွားလာခွင့်ပိတ်

ဝေါလေ - ထီးကပလယ် ကားလမ်းမတစ်နေရာကို တွေ့ရစဉ်။/ ဓာတ်ပုံ - CJ

DMG ၊ ဖေဖော်ဝါရီ ၉

တိုက်ပွဲများကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ဝေါလေ - ထီးကပလယ် ကားလမ်းပိုင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)မှ ထုတ်ပြန်လိုက်သည်။ 

“အရပ်သား/အဖွဲ့အစည်း မည်သည့် ကား/ဆိုင်ကယ်များမဆို လုံးဝ(လုံးဝ) ဖြတ်သန်းသွားလာခွင့်မပြုပါ” ဟု KNDO အမှတ် ၈ တပ်ရင်း ဌာနချုပ် အမှတ် ၆ တပ်မဟာ ကော်သူးလေ က ဖေဖော်ဝါရီ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။

လမ်းပိတ်ထားမှုမှာ ဒေသအတွင်း တိုက်ပွဲပြီးဆုံးချိန်အထိ အကျုံးဝင်ကြောင်းနှင့် လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်များကို တာဝန်မယူကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

“အခုသတိပေးတဲ့နေရာက တိုက်ပွဲတွေ ဖြစ်နေတာကြာပြီ။ စစ်ကောင်စီဘက်ကလည်း အင်အားဖြည့်တင်းနေတာရှိတယ်။ စစ်ရေးတင်းမာနေကြတော့ KNDO ပူးပေါင်းအဖွဲ့ကလည်း ဒေသခံတွေအပေါ် အန္တရာယ်ကျရောက်မှာစိုးလို့ သတိပေးထုတ်ပြန်တာဖြစ်ပါတယ်” ဟု KNDO နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ယခုနှစ် ဇန်နဝါရီလကုန်အထိ သေးဘော့ဘိုး၊ ဝေါလေနှင့် ထီးကပလယ် စသည့်နေရာတို့၌ စစ်ကောင်စီတပ်နှင့် KNLA၊ KNDO ပူးပေါင်းအဖွဲ့ကြား အမြဲတမ်းလိုလို တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့မှုကြောင့် ထိုသို့ သတိပေးထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။ 

ထိုသို့လမ်းပိတ်ထားမှုကြောင့် ဒေသခံများအနေဖြင့် စျေးအရောင်းအဝယ်ပြုလုပ်ရန်နှင့် ကုန်စည်ပို့ဆောင်ရေးတွင် အခက်အခဲများဖြင့် ကြုံတွေ့နေရသည်။

“အခုလို သွားခွင့်မပြုတော့ စျေးရောင်းဖို့အတွက် ခက်သွားတယ်။ စျေးဝယ်ဖို့အတွက်ကပါ တော်တော်လေး ကသိကအောင့်ဖြစ်တယ်။ ကုန်တွေလည်း မြို့ဘက်ကို ပို့မရတာက ပိုဆိုးတယ် ” ဟု ဝေါလေမြိုင် မြို့ခံတစ်ဦးက ဆိုသည်။

KNDO ၏ သတိပေးထုတ်ပြန်ခဲ့မှုကြောင့် လက်ရှိတွင် သေးဘော့ဘိုးနှင့် ထီးကပလယ် ကြားကားလမ်းမ အနီး၌ စစ်ကောင်စီက အင်အားပြ စစ်ရေးပြင်ဆင်မှုများရှိနေကြောင်း မျက်မြင်ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“စစ်ကောင်စီတပ်တွေ ကားလမ်းမအနီးမှာ ကင်းချထားတာ တွေ့ခဲ့ရတယ်။ အင်အားများတယ်။ စစ်ရေးပြင်ဆင်တဲ့ ပုံစံမျိုးလုပ်နေတယ်” ဟု ဝေါလေမြိုင်မြို့ခံ နောက်တစ်ဦးက ပြောသည်။

သေးဘော့ဘိုး - ဝေါလေ - ထီးကပလယ် ကားလမ်းမနေရာသည် ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလမှ ယခု ၂၀၂၃  ဇန်နဝါရီလကုန်အထိ စစ်ကောင်စီတပ်နှင့် KNLA ၊ KNDO ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့် နေရာဖြစ်ပြီး ဒေသခံတစ်သောင်းကျော်မှာလည်း နေရပ်စွန့်ခွာနေရသည်။

#F004

ဗီဒီယိုများ