- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
- အီရန်ရှိ နျူကလီးယားစီမံကိန်း နေရာသုံးခုကို အမေရိကန် ဗုံးကြဲ
- ရိုဟင်ဂျာသူပုန်ထမှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်အကျပ်အတည်း ပိုဆိုးရုံသာရှိမည်
AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
အာရက္ခတပ်တော် (AA) ကို သတင်းပေးပို့သည်ဟုဆိုကာ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ မရမ်းချိုနှင့် ဘုရားကြီးကျေးရွာတို့တွင် ခိုလှုံနေသည့် ရခိုင်စစ်ဘေးရှောင် ၂၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
11 Mar 2025

DMG ၊ မတ် ၁၁
အာရက္ခတပ်တော် (AA) ကို သတင်းပေးပို့သည်ဟုဆိုကာ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ မရမ်းချိုနှင့် ဘုရားကြီးကျေးရွာတို့တွင် ခိုလှုံနေသည့် ရခိုင်စစ်ဘေးရှောင် ၂၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတ်လ ၈ ရက်တွင် မရမ်းချိုကျေးရွာဘုန်းတော်ကြီးကျောင်း၌ ယာယီတပ်စွဲနေထိုင်ပြီးနောက် မတ်လ ၉ ရက်တွင် ဒေသခံများအား စစ်ဆေးမှုများ ပြုလုပ်ကာ ရခိုင်စစ်ဘေးရှောင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။
" မရမ်းချိုနဲ့ ဘုရားကြီး လမ်းပိုင်းမှာ သွားလာနေကြတဲ့ စစ်ဘေးရှောင် ၂၀ ကို ဖမ်းဆီးသွားတာလို့ သိရတယ်။ တစ်ပြိုင်တည်း ဖမ်းဆီးတာတော့ မဟုတ်ဘူး။ အသွားအလာတွေကို စစ်ဆေးပြီး ဖမ်းဆီးသွားတာ။ စစ်ကောင်စီကတော့ သူ့တို့ကို AA တပ်ဖွဲ့ဝင်တွေ၊ AA သတင်းပေးတွေ ဆိုပြီးတော့ ဖမ်းဆီးသွားတာ" ဟု သာပေါင်းဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများမှာ ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့မှ အသက် ၂၀ နှင့် ၄၀ ဝန်းကျင် အရွယ်များ ဖြစ်ပြီး လက်ရှိတွင် ၎င်းတို့ကို ရေကြည်မြို့မရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက သာပေါင်းမြို့နယ်၊ ဆင်ကနီခုံကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပြီးနောက် သာပေါင်းမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးမှုများလုပ်နေသည် ဟု ဒေသခံများက ပြောသည်။
ထိုသို့ စစ်ကောင်စီက စစ်ကြောင်းထိုးကာ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လာနေ၍ ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင်များမှာ လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေကြသည်။
" ဧရာဝတီမှာ စစ်စဖြစ်ကတည်းက စစ်ကောင်စီက ရခိုင်စစ်ဘေးရှောင်တွေကို ဟိုမှာ ဖမ်းဆီး၊ ဒီမှာ ဖမ်းဆီ လုပ်လာတာတွေ ရှိတယ်။ သူတို့မှာ စစ်တိုက်လို့ မနိုင်တာကို စစ်ဘေးရှောင်နေတဲ့သူတွေကို ရခိုင်တွေ အချင်းချင်း အတူတူဆိုပြီး ဖမ်းဆီးလာတဲ့ သဘောပဲ။ စစ်ရှောင်တွေရဲ့ ဘဝက ဘယ်သွားသွား စိတ်လုံခြုံမှု ဆိုတာကို မရှိဘူး" ဧရာဝတီရောက် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
တောင်ကုတ်၊ သံတွဲ၊ ဂွစသည့်မြို့နယ်တို့မှ တိုက်ပွဲများကြောင့် ဧရာဝတီဘက်တွင် စစ်ဘေးတိမ်းရှောင်သူ ထောင်နှင့်ချီ ရှိနေပြီး စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှုများမှုပြုလုပ်နေ၍ လုံခြုံမှုကင်းမဲ့နေကြရသည်။
ဧရာဝတီတွင် စစ်ကောင်စီဖမ်းဆီးထားသည့် ရခိုင်စစ်ဘေးရှောင် ရာနှင့်ချီရှိနေပြီး ယင်းအထဲမှ အချို့မှာ ပြန်လည်လွတ်မြောက်လာကြသော်လည်း အများစုမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။