ရခိုင်ကမ်းရိုးတန်းနှင့် မူးယစ်ဆေးဝါး ပြဿနာ

မူးယစ်ဆေးဝါးဟုဆိုလျှင် ဘိန်း (Opium)၊ ဘိန်းဖြူ (Heroin)၊ ဆေးခြောက်၊ (Cannabis) အက်စ်တက်စီ (Ecstasy)၊ စိတ်ကြွရူးသွပ်ဆေးပြား(Amphetamine Type Stimulant)၊ အိုက်စ် (Ice) စသည့် အမျိုးအစားများ အပြင် တစ်ခြားသော မူးယစ်ဆေးဝါး များစွာရှိနေသေးသည်။ မည်သည့် မူးယစ်ဆေးဝါးမျှ လူသားမျိုးနွယ်အတွက် ကောင်းကျိုးပေးသည့် အမျိုးအစားများမဟုတ်ကြသလို မိမိတို့၏ပတ်ဝန်းကျင်နှင့် လူသားမျိုးနွယ်တစ်ခုလုံးကို အမြဲတမ်းလိုလို ငြိမ်းခြောက်လျှက်ရှိသည်။ ယနေ့ မိမိတို့ ရခိုင်ပြည်နယ်တွင်လည်း စိတ်ကြွရူးသွပ်ဆေးပြား မြောက်မြားစွာကို မကြာခဏဆိုသလို ဖမ်းဆီးရမိနေမှုကို ကြည့်ခြင်းဖြင့် ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများအပေါ် မူယစ်ဆေးဝါး အန္တာရယ်မည်မျှ ခြိမ်းခြောက်နေသည်ကို အထူးသတိပြုရမည့် အခြေအနေပင်ဖြစ်သည်။

By အယ်ဒီတာ 17 Jul 2018

ဇူလိုင်လ ၁၇ ရက်၊ ၂၀၁၈ ခုနှစ်။    ။   မူးယစ်ဆေးဝါးဟုဆိုလျှင် ဘိန်း (Opium)၊ ဘိန်းဖြူ (Heroin)၊ ဆေးခြောက်၊ (Cannabis) အက်စ်တက်စီ (Ecstasy)၊ စိတ်ကြွရူးသွပ်ဆေးပြား(Amphetamine Type Stimulant)၊ အိုက်စ် (Ice) စသည့် အမျိုးအစားများ အပြင် တစ်ခြားသော မူးယစ်ဆေးဝါး များစွာရှိနေသေးသည်။ မည်သည့် မူးယစ်ဆေးဝါးမျှ လူသားမျိုးနွယ်အတွက် ကောင်းကျိုးပေးသည့် အမျိုးအစားများမဟုတ်ကြသလို မိမိတို့၏ပတ်ဝန်းကျင်နှင့် လူသားမျိုးနွယ်တစ်ခုလုံးကို အမြဲတမ်းလိုလို ငြိမ်းခြောက်လျှက်ရှိသည်။ ယနေ့ မိမိတို့ ရခိုင်ပြည်နယ်တွင်လည်း စိတ်ကြွရူးသွပ်ဆေးပြား မြောက်မြားစွာကို မကြာခဏဆိုသလို ဖမ်းဆီးရမိနေမှုကို ကြည့်ခြင်းဖြင့် ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးများအပေါ် မူယစ်ဆေးဝါး အန္တာရယ်မည်မျှ ခြိမ်းခြောက်နေသည်ကို အထူးသတိပြုရမည့် အခြေအနေပင်ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးအများစုမှာ မောင်တောခရိုင်တွင် အများဆုံးဖြစ်သည်ကိုလည်း သက်ဆိုင်ရာဌာနများနှင့် ရဟန်းရှင်လူမိဘပြည်သူများအနေဖြင့် များစွာသတိပြုဖို့ လိုအပ်မည်ဖြစ်သည်။ မောင်တောမှတစ်ဆင့် ဘင်္ဂလာဒေ့်ကိုရောက်ရှိကာ ယင်းမှတစ်ဆင့် တစ်ခြားသော နိုင်ငံများကို ထွက်ခွာနေသည်ဆိုသော မူးယစ်ဆေးဝါးအများစုမှာ ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်နေသည့်အတွက် ရခိုင်ပြည်နယ်ရှိ လူငယ်ထုမှာ မူးယစ်ဆေးဝါးအန္တရာယ်ကြားထဲ ကျရောက်နေပြီးလား ဆိုသည်ကိုလည်း ထည့်တွက်စဉ်းစားရန် အလွန်အရေးကြီးလာသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ စိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီး ရရှိမှုအခြေအနေမှာ အမှုပေါင်း ၇၂ မှု၊ ဆေးပြားပေါင်း သိန်း ၃၀ ကျော်ခန့်ရှိပြီး ၎င်းနှင့်ဆက်စပ်သည့် တရားခံ အမျိုးသား ၅၉  ဦးနှင့် အမျိုးသမီး ၁၇ စုစုပေါင်း ၁၁၂ ဦးတို့ကိုလည်း ဥပဒေအရ အရေးယူထားကာ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား ၇၂ မှုအနက် ၆၀ ကျော်မှာ မောင်တောခရိုင်အတွင်း ဖမ်းဆီးရမိခြင်းလည်းဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေအပါဝင် မြို့နယ်တချို့တွင်လည်း မကြာခဏဆိုသလို စိတ်ကြွဆေးပြားများ ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သုံးစွဲခြင်း များကြောင့် ဖမ်းဆီးခံနေရသည့် လူငယ်များလည်းရှိနေသလို မြောက်ဦးမြို့လို ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ လူသူအရောက်နည်း သော စေတီပုထိုးများအတွင်း၊ စစ်တွေမြို့ရှိ အများပြည်သူအပန်းဖြေအနားယူသော ရှု့ခင်းသာလမ်းလိုနေရာများတွင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ကိရိယာများကို မကြာခဏတွေ့မြင်နေသလို စစ်တွေမြို့ရှိ အ.ထ.က ကျောင်းတစ်ခုမှ ကျောင်းသားနှစ်ဦးကို ယခုရက်ပိုင်းအတွင်း မူယစ်ဆေးဝါးသုံးစွဲနေဖြင့် ကျောင်းအုပ်ကြီး ကိုယ်တိုင် ဖမ်ဆီးကာ သက်ဆိုင်ရာကိုအပ်နှံခဲ့သည်ဆိုသည့် သတင်းများကို ကြည့်လျှင် မိဘပြည်သူများအနေဖြင့် မိမိတို့၏ သားသမီးများအပေါ် အလွန်သတိထားစောင့်ကြည့်ရမည့် အနေအထားဖြစ်နေပြီဟုလည်း သတိပေးလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့နှင့် ၆ ရက်နေ့တို့ကလည်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ငွေကျပ်သိန်းပေါင်း ၄၀၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သက်ဆိုင်ရာမှ ဖမ်းဆီးရရှိခဲ့သည်ကို ကြည့်လျှင် လက်ရှိရခိုင်ပြည်နယ်နှင့် ရခိုင်ကမ်းရိုးတန်း၏ ရင်ဆိုင်နေရသော မူးယစ်ဆေးဝါး အန္တရာယ်ကို ပိုမိုဆိုးရွားလာနေပြီ ဆိုခြင်းကို မေးခွန်းထုတ်စရာမရှိပေ။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအများစု၏ တရားခံများကိုလည်း သက်ဆိုင်ရာမှ ဖမ်းဆီးရရှိမှုအားနည်းသလို ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးများကိုသာ မကြာခဏတွေ့ရှိဖမ်းဆီးရရှိနေခြင်းမှာလည်း မေးခွန်းထုတ်စရာဖြစ်လာသည်။ 

သို့ဖြစ်ပါ၍ ရခိုင်ကမ်းရိုးတန်းတစ်လျောက် ရေကြောင်း၊ ကုန်းလမ်းကြောင်းများမှ နည်းမျိုးစုံဖြင့် ဝင်ရောက်နေသည့် မူးယစ်ဆေးဝါးများကို ထိရောက်စွာတားဆီးရန် ဆိုသည်မှာလည်း ရခိုင်ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဌာနများတွင် တာဝန်အပြည့်အဝရှိသည်ဟု ယုံကြည့်သလို မိမိတို့ ရခိုင်ပြည်သူများမှာလည်း အနာဂတ်လူမျိုး၊ ဘာသာ၊ သာသနာအတွက်သော်လည်းကောင်း၊ အနာဂတ်မျိုးဆက်သစ်များအတွက် သော်လည်းကောင်း တာဝန်အပြည့်အဝရှိသည်ဟု ယုံကြည့်ပြီး ကမ်းရိုးတန်းတစ်လျှောက် မူးယစ်ဆေးဝါးကင်းရှင်းရေးအတွက် ဝိုင်းဝန်းတိုက်ဖျက်ကြရန်လိုအပ်သည်ဟု Development News journal မှ ရူမြင်မိသည်။

 Editorial>>> ISSUE 89, JULY 15, 2018, DEVELOPMENT NEWS JOURNAL

ဗီဒီယိုများ