စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ရသေ့တောင်မြို့နယ်မှ ကလေးငယ်နှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပဲသဒူကျေးရွာတွင် ယနေ့ နံနက်ပိုင်းက စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး ဒဏ်ရာရရရှိသွားကြောင်း ဒေသခံများထံမှသိရသည်။

04 Mar 2021

ဓါတ်ပုံ - ဘက္ကာ

DMG ၊ မတ် ၄

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပဲသဒူကျေးရွာတွင် ယနေ့ နံနက်ပိုင်းက စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး ဒဏ်ရာရရရှိသွားကြောင်း ဒေသခံများထံမှသိရသည်။

ယင်းသို့ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူမှာ မောင်ရဲထွန်း (အသက် ၈) နှစ်မှာ အဆုတ်ပေါက်သွားသည့်အပြင် ခန္ဓာကိုယ်တို့တွင် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး ၎င်း၏အကိုဖြစ်သူ မောင်လှထွန်း (အသက် ၁၀) နှစ်မှာ ခြေ၊ လက်၊ နောက်ကျော၊ ခန္ဓာကိုယ်တို့တွင် ဒဏ်ရာရရှိသွားသည်။

၎င်းတို့ညီအကိုနှစ်ဦးမှာ ကျေးရွာအနီးလက်ပံပွင့်ကောက်ရာမှ စကားနေစဉ် စစ်ကျန်ဗုံးသီးတစ်လုံးထိမိရာမှ ပေါက်ကွဲပြီး ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူ ကိုဘက္ကာကပြောသည်။

“ကျွန်တော်တို့ တွေ့မြင်တာကတော့ ဦးခေါင်းတွေ၊ နောက်ကျောတွေ၊ လက်တွေ၊ ပေါင်တွေမှာရသွားတယ်။ ရဲထွန်းက ဒဏ်ရာအများရသွားတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူထဲမှ မောင်ရဲထွန်းမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရသည့်အတွက် ရသေ့တောင်ဆေးရုံမှ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရပြီး မောင်လှထွန်းမှာ ဒဏ်ရာမစိုးရိမ်ရသဖြင့် ရသေ့တောင်ဆေးရုံ၌ ဆေးကုသခံယူနေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။