ကျောက်ဖြူတွင် တစ်ပတ်အတွင်း ဒေသခံ ၇ ဦးအထိ ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ယခုလဒုတိယအပတ်အတွင်း မြန်မာစစ်တပ်မှဖမ်းဆီးခဲ့သည့် ဒေသခံ ၇ ဦးအထိရှိကြောင်း ဒေသခံများထံမှ သိရသည်။

14 Sep 2022

DMG ၊ စက်တင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ယခုလဒုတိယအပတ်အတွင်း မြန်မာစစ်တပ်မှဖမ်းဆီးခဲ့သည့် ဒေသခံ ၇ ဦးအထိရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များမှ ဒေသခံ ၇ ဦးကို မြန်မာစစ်တပ်က စက်တင်ဘာလ ၇ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ ၁၁ ရက်နေ့က ပြင်ဖြူမော်ကျေးရွာမှ ဒေသခံ ကိုဖြိုးမင်းထွန်း(ခ)ဖြိုးလေး (၂၉)နှစ်ကို မြန်မာစစ်တပ် အင်အား ၂၀ ခန့်မှ နေအိမ်အတွင်း လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။

"သူ့ကိုလာဖမ်းတဲ့အခါ စစ်သားတွေလက်ထဲမှာ သူ့ဓာတ်ပုံပါ တစ်ခါတည်းပါလာတယ်။ ဘာအတွက် ဖမ်းတယ်ဆိုတာကိုတော့ မသိဘူး။ လာဖမ်းတဲ့အခါ အရပ်ဝတ်နဲ့လူတွေပါသလို စစ်ဝတ်စုံနဲ့လူတွေလည်းပါကြတယ်"ဟု ၎င်းကဆိုသည်။

ယင်းသို့ဖမ်းဆီးသွားသည့်ကိစ္စအား သိရှိနိုင်ရန်အတွက် ပြင်ဖြူမော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းကို ဆက်သွယ်မေးမြန်းရာ မအားသေးဟုသာ အကြောင်းပြန်ခဲ့သည်။

ထို့အပြင် စက်တင်ဘာလ ၇ ရက်နေ့က ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ကိုဝင်းနိုင်၊ အစိုးရရပ်ကွက်မှ ကိုဆလိုင်းကိုအေး(ခ)ကဟိနှင့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ဦးဘသန်းတို့ကို မြန်မာစစ်တပ်က မေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။

အလားတူ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ကျောက်ဖြူမြို့၊ ကုလာဘာတောင်ရပ်ကွက်မှ ကိုဝင်းအောင်၊ ဦးတင်ညွှန့်နှင့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်မှ ဦးစိုးဝင်းနိုင်တို့ကိုလည်း မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။

အဆိုပါဒေသခံများကို ကျောက်ဖြူမြို့အခြေစိုက် ခလရ(၃၄)တပ်ရင်းမှ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ယခုကဲ့သို့ မြန်မာစစ်တပ်မှ အဖမ်းအဆီးများလာခြင်းကြောင့် ဒေသခံများမှာ မိမိနေအိမ်အတွင်းနေထိုင်ကာ စိုးရိမ်ကြောက်ရွံ့နေရသည်ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ကျောက်ဖြူဒေသခံတစ်ဦးကဆိုသည်။

"ကျနော်တို့က ကိုယ့်အိမ်ထက်မှာကိုယ်နေပြီး အခုစိုးရိမ်စိတ်တွေနဲ့ နေရတယ်။ ကိုယ့်ကိုများ လာဖမ်းမလားဆိုတဲ့အတွေးနဲ့ ညဘက်ဆိုလည်း အပြင်ကို ဘယ်သူမှမထွက်ရဲကြဘူး။ ထွက်ရင် သူတို့တွေနဲ့တွေ့တယ်။ တွေ့ရင်လည်း စစ်ဆေးတာတွေလုပ်တယ်။ နေဝင်အောင် ဘယ်သူမှအလုပ်မလုပ်ရဘူး။ အလုပ်အကိုင်လည်း မဖြောင့်ဘူးဖြစ်နေကြတယ်"ဟု ၎င်းကဆိုသည်။

ကျောက်ဖြူမြို့မှဒေသခံများကို ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

လက်ရှိရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားလျှက်ရှိနေပြီး (AA)နှင့်ဆက်စပ်သည့်သံသယဖြင့် မြန်မာစစ်တပ်က ဖမ်းဆီးတရားစွဲဆိုခြင်းများလည်း ရှိလာနေသည်။

ဗီဒီယိုများ